ပူးသတ်စိတ်
- စိတ်ကိုစိတ်က ဖျက်စီးနေတာဆိုတော့ စိတ်ကိုစိတ်နဲ့ပဲ ပူးပြီးသတ်ရမယ်။ ဖဿထိတွေ့စိတ်ကြောင့် ခံစားမှုတွေ ဖြစ်နေရတယ် ဆိုတော့ အသိ သတိနဲ့ စေတနာစေတသိက်နဲ့ ပူးပြီး ဖဿစေတသိက်ကို သတ်နိုင်နေရင် ခံစားစိတ်ဆိုတာ အသက်ရှင်ခွင့် မရတော့ဘူး။
ပေကတ်ကတ်စိတ်
- ဘယ်သူက ဘယ်လိုပုံစံနဲ့ ဆုံးမဆုံးမ ပြန်မပြောဘူး။ နားလည်းမထောင်ဘူး။ ဘာဖြစ်နေမှန်းလည်း မသိနိုင်တဲ့ ပြောမရ၊ ဆိုမရ ပေကတ်ကတ်စိတ်။
ပေကျံသောစိတ်
- ဒုက္ခဖြစ်စေတဲ့ လောဘ၊ ဒေါသ၊ တဏှာ စိတ်တွေရဲ့ အရောင်ဆိုးမှုကြောင့် ပေကျံနေတဲ့စိတ်တွေကို အသိနဲ့ သတိပါဝင်တဲ့ စောင့်ကြည့်သိမှတ်စိတ်နဲ့ ပြန်ဆေးပစ်မှရမယ်။
ပေယျာလကန်စိတ်
- ဘယ်လိုမှ ကယ်တင်လို့မရအောင် စိတ်အနေအထားက အောက်ဆုံးအဆင့်ထိ ပျက်စီးနေတာ သေချာနေပြီ ဆိုရင်တော့ ကျောခိုင်းလိုက်ပါတော့။ တော်ကြာ သူ့ကိုဆွဲတင်နေရတာနဲ့ မိမိပါ ပြန်တက်လို့မရတဲ့ချောက်ထဲ ပြုတ်ကျသွားနိုင်တယ်။ ဘယ်လိုမှ မတတ်နိုင်တော့လို့ လွှင့်ပစ်ထားလိုက်ရတဲ့ စိတ်အနေအထား။
ပေးကမ်းစိတ်
- သူများကို ပေးမယ်ဆိုတည်းက ပေးမယ့်အရာက မိမိမှာရှိနေမှ ပေးလို့ရမယ့် စိတ်အနေအထား။ အရပ်ဆယ်မျက်နှာမှာ ရှိကြတဲ့ မုန်းသူ၊ ရန်သူ၊ မိမိကို အနိုင်ကျင့် နှိပ်စက် စော်ကားခဲ့တဲ့သူတွေ အပါအ၀င် အကုန်လုံး တစ်ယောက်မှမကျန် စိတ်ကိုစိတ်က ညှဉ်းဆဲနှိပ်စက်တဲ့ ဒုက္ခက လွတ်မြောက်ကြပါစေလို့။
တကယ် ပေးကမ်းမှာလား? တကယ် ပေးစွန့်မှာလား? တကယ် ပေးဆပ်မှာလား? တကယ် ပေးဝေမှာလား? တကယ် ပေးအပ်မှာလား? . . . . .
(ဖြေဖို့အခက်အခဲ ဖြစ်နေရင် သူတစ်ပါးတွေ မိမိအပေါ်ကောင်းတာ၊ မကောင်းတာ၊ တစ်ဘက်သားရဲ့ အလုပ်၊ မိမိနဲ့မဆိုင်ဘူးလို့ သဘောထား ပြောင်းရွှေ့လိုက်။ မိမိအနေနဲ့ ဘယ်သူကောင်းကောင်း၊ မကောင်းကောင်း မိမိစိတ်ကို အစင်ကြယ်ဆုံး၊ အကောင်းဆုံးဖြစ်အောင်ပဲ တည်ဆောက်ထားမယ်လို့ ပြောင်းရွှေ့ကြည့်လိုက်။ အဖြေတစ်ခု ထွက်လာပါလိမ့်မယ်။)
ပဲ့တင်ထပ်စိတ်
- မိမိပြုလုပ်ခဲ့မိတဲ့ အမှားကိစ္စပဲဖြစ်ဖြစ်၊ အမှန်ကိစ္စပဲဖြစ်ဖြစ်၊ ပြုလုပ်ခဲ့မိတဲ့ စိတ်အရှိန်ရဲ့အသံဟာ အရပ်ဆယ်မျက်နှာကနေ တစ်ချိန်လုံး ရိုက်ခတ်မြည်ဟည်းပြီး မိမိဆီကို ပြန်ရောက်လာနေတတ်တဲ့ ပဲ့တင်ထပ် စိတ်အသံ။
ပဲ့ပြင်ဆုံးမစိတ်
- သူတစ်ပါးကို ဆုံးမပြုပြင်နေတာထက် မိမိစိတ်ကို မိမိဆုံးမပြုပြင်နိုင်ဖို့ အဆက်မပြတ် လိုအပ်နေတဲ့ ဆုံးမစိတ်။
ပေါကြောင်ကြောင်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ပေါ့ပေါ့ဆဆစိတ်
- ပေါ့ပေါ့ဆဆစိတ်မျိုးရှိတဲ့သူတွေဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့ဆဆ တွေးတယ်။ ပေါ့ပေါ့တန်တန် နေတယ်။ ပေါ့ပေါ့နေ ပေါ့ပေါ့ စားတယ်။ ပေါ့ပြက်ပြက်နိုင်တယ်။ ပြီးတော့ ပေါ့ရွှတ်နေလို့ ပေါ့လျော့စိတ်မျိုးနွယ်စုဝင် စိတ်အမျိုးအစားတွေပဲ။
ပေါ့ပါးလျင်မြန်စိတ်
- စိတ်ထဲမှာ ဘာခံစားချက်မှမရှိအောင် အသိနဲ့သတိနဲ့ စောင့်ကြည့်သိမှတ်ပြီး ရှင်းထားလို့ ခေါင်းစဉ်ထဲက အဓိပ္ပာယ်အတိုင်း ပေါ့ပါးသွက်လက်နေတဲ့ စိတ်။
ပေါ်ကြော့စိတ်
- ဘာအလုပ်ကိုမှ လက်ကြောတင်းအောင် မလုပ်ဘဲ အချိန်တန်ရင် စားမယ်။ အချိန်တန်ရင် အိပ်မယ်။ စိတ်ညစ်စရာဆိုရင် ဘာမှလာမပြောနဲ့။ ပင်ပန်းတဲ့အလုပ်ဆိုရင် စိတ်မ၀င်စားဘူး။ သန့်သန့်လေးနေရမယ်။ စားရမယ်ဆိုရင် အကြောင်းကြားလိုက်ပါ ဆိုတဲ့ ပေါ်ကြော့စိတ်။