ပီတိစိတ်
- ပီတိကိုစားသည်ဆိုတဲ့ ဆရာခေါ်ဆိုထိုက်သူတွေရဲ့ စိတ်အစစ်။ စေတသိက်အုပ်စုတွေထဲက ပီတိစိတ်ဆိုတာကတော့ အာရုံတစ်ခုခုကို နှစ်သက်အားရ သဘောကျခြင်း၊ စိတ်ထဲမှာ မြင်ချင်၊ ဖြစ်ချင်တာကို မြင်ရကြားရတဲ့အခါမှာ နှစ်သက်ခြင်းဖြစ်တဲ့ ပီတိစိတ်။ (သတိ! ပီတိ နှစ်သက်ခြင်းအပေါ်မှာ နှစ်သက်မှုအရှိန် ပြင်းထန်လွန်ကဲလာရင်တော့ တဏှာဆိုတဲ့ စိတ်အဆင့်ကို ရောက်သွားတတ်ပါတယ်။)
ပီပီပြင်ပြင်စိတ်
- သိစရာရှိတာတွေထဲက သိသင့်တာကို သိအောင်သိကျင့်ရင်း သိကျင့်မှု မှန်ကန်ရင် သိစရာတွေကို အတိအကျ ရှင်းရှင်း လင်းလင်း ထင်ထင်ရှားရှား ပီပီသသ မြင်သိစေတဲ့ စိတ်အဆင့်။
ပုထုဇဉ်စိတ်
- ဒေါသထွက်စရာ ရှိရင် ဒေါသထွက်မှာပဲ။ လောဘတွေတက်လာရင် ရစရာရှိတာကို ရသလောက် အငမ်းမရ ယူမှာပဲ။ ၀မ်းသာစရာရှိရင်လည်း ဟက်ဟက်ပက်ပက် ၀မ်းသာမှာပဲ။ ယူကျုံးမရ ကြေကွဲစရာနဲ့တွေ့ရင်လည်း အော်ဟစ်ငိုကြွေးမှာပဲ။ လိုချင်တာရရင် ကျေကျေနပ်နပ် ပျော်ရွှင်မှာပဲ။ လွမ်းစရာတွေ့ရင် သေအောင်လွမ်းမှာပဲ။ စိတ်နဲ့ထိတွေ့မှုအပေါ်မှာ မူတည်ပြီး အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာသမျှ သက်ဆိုင်ရာ ခံစားမှုအကုန်လုံးကို ပုံစံအမျိုးမျိုးနဲ့ ခံစားတာဟာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် ဖြစ်နေတဲ့ သာမန်ပုထုဇဉ်တွေရဲ့ စိတ်အစဉ်အလာပဲ။
ပုလင်းတူဘူးစို့စိတ်
- စိတ်တူ၊ ကိုယ်တူ၊ ၀ါသနာတူ၊ အကြိုက်တူ၊ စရိုက်တူသူတွေရဲ့ တူညီတဲ့ စိတ်အမျိုးအစား။
ပူဆာစိတ်
- လိုချင်တဲ့အရာကို မရသေးတဲ့အခါမှာ လိုချင်တဲ့အကြောင်းကို အကြိမ်များစွာ ပြောမိနေတဲ့ စိတ်အနေအထား။
ပူဆွေးစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ပူဇော်စိတ်
- ဒုက္ခကလွတ်မြောက်သွားတဲ့ အသိတစ်ခုကို သိကျင့်လို့ရတိုင်း၊ ရရှိတဲ့အသိကို မြတ်စွာဘုရားရဲ့ အသိဉာဏ်ထဲ စူးစူးစိုက်စိုက် အာရုံပြုပြီး ကျေးဇူးတင်တဲ့အကြောင်း ရိုသေစွာ အသိပေး ပူဇော်စိတ်။
ပူညံပူညံစိတ်
- ပါးစပ်က တတွတ်တွတ်နဲ့ စိတ်ပျက်စရာကောင်းလောက်အောင် ပုံစံအမျိုးမျိုး စကားလုံးအသုံးအနှုန်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ် အခါခါ မရပ်မနား ပြုလုပ်နေတဲ့စိတ်။
ပူထူသွားသောစိတ်
- လူအများရှေ့မှာ ရှက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ကြုံတွေလိုက်ရတဲ့အခါမှာ တစ်ကိုယ်လုံး ပူထူသွားစေတဲ့ ရှက်စိတ်။
ပူလောင်စိတ်
- အာရုံခြောက်ပါးကစတာ။ ဖဿစိတ်ကြောင့် ထိတွေ့မှုတွေ ဖြစ်ရာကနေ တူညီတဲ့ ခံစားမှုတွေ ထပ်ဆင့်ဖြစ်ပွားကုန်ပြီး ပူပင်စရာရှိတာ ပူပင်တဲ့ခံစားမှုဖြစ်သွားတယ်။ ပူပန်စရာရှိတာ ပူပန်ကြောင့်ကြတဲ့ ခံစားမှုဖြစ်သွားတယ်။ ပူပြင်းလောင်ကျွမ်းစရာရှိတာ ပူပြင်းလောင်ကျွမ်းတဲ့ ခံစားမှုဖြစ်သွားတယ်။ ပူလောင်စရာရှိတာ ပူလောင်တဲ့ခံစားမှုဖြစ်သွားတဲ့ စိတ်အနေအထား။
ပူးကပ်စိတ်
- မိမိစိတ်နဲ့အတူ အမြဲတမ်းပူးကပ်နေတဲ့ စိတ်တစ်ခုဟာ အချိန်မရွေး ထကြွသောင်းကျန်းဖို့ အဆင်သင့်အနေအထားနဲ့ ငြိမ်ဝပ် ကိန်းအောင်းနေတယ်။ သာမန်လူတွေ သိနိုင်ဖို့ အလွန့်အလွန် ခဲယဉ်းတဲ့ အနုသယစိတ်။ (အသိနဲ့သတိ စွမ်းအား အရှိန်အကောင်းဆုံး ဖြစ်အောင် အဆက်မပြတ် တည်ဆောက်ပြီး စိတ်နဲ့အတူ ပူးကပ်နေတဲ့ ငြိမ်ဝပ်ကိန်းအောင်း စိတ်ကို ထကြွမလာအောင် ထိန်းချုပ်ထားရမယ်။)
ပူးပေါင်းစိတ်
- အသိနဲ့သတိ ပူးပေါင်း။ စေတနာစေတသိက်ကို မိမိရဲ့အသိနဲ့သတိဘက်မှာ ရှိအောင် ပူးပေါင်း။ ပြီးရင် ပူးပေါင်းထားတဲ့ အသိ သတိ စေတနာစေတသိက်နဲ့ ဖဿရဲ့ ထိတွေ့စိတ်ကိုထိန်း၊ ဝေဒနာခံစားစိတ်ကိုထိန်း၊ မောဟ၊ လောဘ၊ တဏှာ စိတ်တွေကိုထိန်း။ ဒါဆိုရင် ပူးပေါင်းတဲ့စိတ်ရဲ့ အဓိပ္ပာယ်ကိုက အားတွေအပြည့်ဖြစ်နေပြီ။