ပမာဏများသောစိတ်
- အရေအတွက်ကို သိချင်ရင် ဒီ website တစ်ခုလုံးမှာ ဖော်ပြထားတာတွေပဲ။ ကကြီး အက္ခရာကနေ အ အက္ခရာအထိ သီးသန့် ဖော်ပြတာလည်းပါတယ်။ အရည်အချင်းကို သိချင်ရင် စိတ်ကြောင့်ဖြစ်တဲ့ စိတ်အသစ်တွေ ထပ်မဖြစ်အောင် ရပ်ပစ်နိုင်တယ်။ ဘ၀အသစ် တစ်ဖန် ပြန်ဖြစ်နေရတဲ့ဒုက္ခက လွတ်မြောက်အောင် ရုန်းထွက်နိုင်တယ်။ တဏှာ ကင်းတဲ့သူဖြစ်အောင် နေနိုင်နေလို့ မသေခင် ငြိမ်းအေးသက်သာမှုကို ရရှိနိုင်တယ်။
ပမာမခန့်စိတ်
- ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတဲ့ မြန်မာလူမျိုးတွေထဲမှာ ရှိသင့်တယ် ယူဆလို့ ထုတ်ပြန်ထားတဲ့ ဆောင်ပုဒ်ကို မထီမဲ့မြင် ဂရုမစိုက်တဲ့သူ ယဉ်ကျေးမှုမရှိဘဲ ရိုင်းစိုင်းတဲ့စိတ်တွေဝင်နေတဲ့ စိတ်အနေအထား။
ပယောဂပါနေသောစိတ်
- လူတစ်ယောက်ဒုက္ခရောက်သွားစေတဲ့ အကြောင်းရင်းဟာ မိမိရဲ့ သတိမရှိစွာ ပြောဆိုဆက်ဆံလိုက်တာနဲ့ ပတ်သက်နေတယ်ဆိုရင် မိမိမှာလည်း တာဝန်ရှိတယ်လို့ မိမိအမှားကို မိမိသဘောပေါက် သိပေးတဲ့ စိတ်အနေအထား။
ပရဟိတစိတ်
- မိမိအကျိုးကို စွန့်ပြီး သူတစ်ပါးအကျိုးကိုသာ အဓိက ဦးစားပေးထားတဲ့စိတ်။
ပရိဒေ၀တောက်လောင်စိတ်
- အကြီးကျယ်ဆုံး၊ တန်ဖိုးအထားဆုံးလူ (သို့မဟုတ်) ဥစ္စာပစ္စည်းကို ဆုံးရှုံးစွန့်လွှတ်လိုက်ရတဲ့ အခြေအနေမျိုးကို ရုတ်တရက် ကြုံတွေ့လိုက်တဲ့ အခါမျိုးမှာ ဓာတ်ဆီလောင်းပြီး မီးရှို့ခံလိုက်ရသလို ဟုန်းဟုန်းတောက် လောင်ကျွမ်းသွားစေတဲ့ ငိုကြွေးခြင်း စိတ်ခံစားမှု အပြင်းစားအဆင့်။ (ဒီလို စိတ်ခံစားမှု ဖြစ်ပြီဆိုရင် စိတ်သက်သာစေတဲ့ စိတ်လေ့ကျင့်ခန်းတွေနဲ့ အချိန်မီ မကုသရင် သတိရတိုင်း အကြိမ်ကြိမ် တောက်လောင်နေမယ့် မီးတောက်တွေနဲ့အတူ ငိုကြွေးခြင်း မျက်ရည်တွေဟာ ငြှိမ်းလို့ကို ငြိမ်းမှာ မဟုတ်တော့ဘူး။)
ပရိယာယ်များသောစိတ်
- သူတစ်ပါးကို ပရိယာယ်သုံးပြီး လှည့်စားတာထက် မိမိလိုချင်တာကို တရားဝင်ယူလို့ရအောင် နည်းမျိုးစုံသုံးပြီး မိမိကိုယ် မိမိ လှည့်စားတာက (၁၀၀) မှာ (၉၉.၉) ရာခိုင်နှုန်းရှိနေတယ်။ မိမိကိုယ်မိမိ ညာနေကြတာက ပိုများတယ်လို့ဆိုလိုတာ။ တဏှာဆိုတဲ့ လိုချင်စိတ်ဖြစ်နေတာကို မေတ္တာထားသလိုမျိုး၊ လိုချင်တာကိုယူဖို့ မေတ္တာလက်ဆောင်ပေးသလိုလိုနဲ့ မြှူဆွယ်တဲ့ အတတ်ပညာဟာ မွေးခါစကလေးနဲ့ မိခင်ကြားမှာစခဲ့တာ အကြိမ်ကြိမ်ပဲ။ လူနဲ့လူတွေကြားမှာ မိမိဘက်က လိုချင်တာရှိလို့ မေတ္တာလက်ဆောင်ပေးပြီး လာဘ်ပေး လာဘ်ယူ လုပ်နေတာ ပရိယာယ်များတဲ့စိတ်ပဲ။
ပရောပရည်စိတ်
- မိမိဘက်က စိတ်ပါပါ၊ မပါပါ မိမိလိုချင်တာရဖို့ အဓိကထားပြီး တစ်ဘက်လူ ကျေနပ်အောင် ဟန်ဆောင်ပြီး ရောနှောပူးကပ် ဆက်ဆံပေးနေတဲ့ စိတ်အဆင့်။
ပရမ်းပတာစိတ်
- အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာတဲ့စိတ်ဖြစ်ချင်မှုကိုသာ ဦးစားပေးပြီး ထိန်းချုပ်မှုမရှိဘဲ လုံးဝ လွှတ်ပေးလိုက်တဲ့အခါမှာ စည်းမရှိကမ်းမရှိ ပစ်စလက်ခတ် ဖြစ်ချင်ရာဖြစ်နေတဲ့ စိတ်အလှုပ်။
ပလီစိချောက်ချက်စိတ်
- ယုတ္တိရှိတာရော၊ မရှိတာတွေရော၊ အဓိပ္ပာယ်ရှိတာတွေရော၊ မရှိတာတွေရော၊ မဟုတ်တာကို အဟုတ်ထင်အောင် ပလီပလာ ပြောဆိုလှုပ်ရှားနေတဲ့ စိတ်အဆင့်။
ပလူးပလဲစိတ်
- လိုအပ်တာထက်ပိုပြီး ပူးကပ် ရောနှော ရင်းနှီးဆက်ဆံပေးတဲ့ ပလူးပလဲစိတ်။ လိုချင်တာကို ရအောင်ယူတဲ့နေရာမှာ အထိရောက်ဆုံး လက်နက်အဖြစ် အသုံးချတဲ့စိတ်။