မဟာစည်ဆရာတော် ဘုရားကြီးရေးသားတော်မူတဲ့ ၀ိသုဒ္ဓိမဂ်မှာ ဖော်ပြထားတာကတော့

စဉ်းငယ် ကိုင်းရှိုင်းသော ကြာဖက်ပေါ်မှာ ရေပေါက်တို့ မတင်သလို၊ ဖြစ်လာသမျှ ခန္ဓာကိုယ်နဲ့ စိတ်တို့ကို စွဲငြိမှု၊ ပတ်သက်မှု၊ တုံ့ပြန်မှု၊ ခံစားမှု မရှိတော့ဘဲ၊

သူ့သဘာဝအတိုင်း သူဖြစ်နေတာပဲ။

ခန္ဓာကိုယ်နဲ့ စိတ်ဆိုတာတွေဟာ သဘာဝအတိုင်းပဲ ဖြစ်ပျက်နေတာလို့ သိလိုက်တဲ့ဉာဏ်။

အဲဒီ သင်္ခါရုပေက္ခာဉာဏ်မှာ ဂုဏ်အင်္ဂါခြောက်မျိုး ရှိတယ်တဲ့။


(၁) ကြောက်ခြင်း၊ နှစ်သက်ပျော်မွေ့ခြင်းတွေကို ပယ်စွန့်ပြီး ချစ်လည်း မချစ်ဘူး။ မုန်းလည်း မမုန်းဘူး။ အညီအမျှ ဖြစ်နေတယ်။
(၂) ၀မ်းသာခြင်း၊ နှလုံးမသာခြင်းတွေကို အမှန်အတိုင်း သိပြီး အညီအမျှ ဖြစ်နေတယ်။
(၃) ပြုလုပ်သမျှ သင်္ခါရတွေကို သိကြည့်တဲ့အခါမှာ အညီအမျှ ဖြစ်နေတယ်။
(၄) အဲဒီလို သိနေမှုဟာ အတိတ်၊ အနာဂတ်ဆီ စိတ်က ပျံ့လွင့်ခြင်း မရှိဘူး။
(၅) သိမှတ်မှုတို့ဟာ ကြာလေ ကြာလေ သိမ်မွေ့လာလေ ဖြစ်လာတယ်။
(၆) ဘယ်အာရုံဆီကိုမှ ပျံ့လွင့်နေတာမျိုးတွေ မဖြစ်တော့ဘဲ သိမှတ်နေတဲ့ အာရုံအနည်းငယ်လေးကိုသာ သိပြီးရင်း သိနေတော့တယ်။

ဂုဏ်အင်္ဂါခြောက်ပါးနဲ့ ပြည့်စုံတဲ့ သင်္ခါရုပေက္ခာဉာဏ်က ရင့်သန် အားပြည့်လာတဲ့အခါမှာ ကြောင့်ကြမစိုက်ရတော့ဘဲ၊

သူ့အရှိန်နဲ့သူ သိလျက် သိလျက် ဖြစ်နေရာက

အထူး သွက်လက်တဲ့၊ လျင်မြန်တဲ့ အသိလေးတွေ ဖြစ်လာပြီးတော့

အာရုံရော၊ အသိရော အကုန်ချုပ်ငြိမ်းတဲ့ သဘောထဲကို ဆိုက်ရောက်သွားတယ်။

အဲဒါဟာ ပ၀တ္တဆိုတဲ့ မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်သင်္ခါရ အယဉ်ကို ကျော်လွန်ပြီး အပ၀တ္တဆိုတဲ့ နိဗ္ဗာန် အငြိမ့်ဓာတ်သဘော

ထဲကို ကျရောက်သွားတာပါပဲ။

ဒါက နိဗ္ဗာန် မျက်မှောက်ပြုတယ်လို့ ဆိုတာပါပဲ။