နစ်မျောစိတ်
- ဖြစ်ပြီးခဲ့သမျှတွေထဲက ပြန်ရဦးမလားလို့တွေးပြီး အတွေးထဲမှာ နစ်မျောနေတာတွေ ရပ်လိုက်ပါ။ မသေချာတဲ့ မဖြစ်သေးတာတွေထဲက ဖြစ်ချင်တာတွေကို စဉ်းစားပြီး နစ်မျောနေတာတွေ ရပ်လိုက်ပါ။ အဆက်မပြတ် ရွေ့နေတဲ့အချိန်တွေကို အားနာသင့်ပါတယ်။ မိမိ ပတ်ဝန်းကျင်က တက်ကြွနေသူတွေအတွက်လည်း အမြင်အာရုံ မလန်းဆန်းစေပါဘူး။ ဘယ်လိုမှ အသုံးမ၀င်တဲ့ စိတ်ကူးယဉ်အကြီးစား နစ်မျောစိတ်ကြီးကို ပြောင်းပစ်လိုက်ပါ။ နစ်မျောတာချင်းအတူတူ အလုပ်သစ်ထဲမှာ အာရုံသစ်၊ အတွေးသစ်၊ ခွန်အားသစ်နဲ့ ခြေလှမ်းအသစ်တွေ လှမ်းပြီး လက်တွေ့ အကောင်အထည်ဖော်တဲ့ ရေစီးကြောင်းထဲမှာ စိတ်တွေကို နစ်မျောပေးလိုက်ပါ။
နစ်မြုပ်သောစိတ်
- စိတ်ကို ပျက်စီးစေမယ့် အာရုံကို မက်မောဖက်တွယ်ပြီး စိတ်အသိတွေ အကုန်လုံးနစ်မြုပ်နေပြီဆိုရင်တော့ အချိန်ကြာလေ ဘ၀တစ်ခုလုံး အဖတ်ဆယ်လို့ မရအောင် နစ်မွန်းပျက်စီးသွားမှာ သေချာတဲ့ စိတ်အမျိုးအစား။
နည်းနာခံယူစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
နည်းပရိယာယ်ကြွယ်ဝသောစိတ်
- နည်းမှန်လမ်းမှန်၊ နည်းဗျူဟာကျကျ၊ လှုပ်ရှားမှု ပီပြင်ကျွမ်းကျင်ပြီး ဖြစ်အောင်လုပ်နည်းတွေကို နှံ့နှံ့စပ်စပ် ကျယ်ကျယ် ပြန့်ပြန့် သိတဲ့ စိတ်အနေအထား။
နန့်နန့်တက်စိတ်
- လူ့အဖွဲ့အစည်းထဲမှာ အတည်ပြုပြဌာန်းထားတဲ့ လူသားဣနြေ္ဒဆိုတဲ့ ကျင့်ဝတ်စည်းကမ်းကို ချိုးဖောက်တဲ့ စိတ်အမျိုးအစား။ ဘာ့ကြောင့် ဒီလို စိတ်အနေအထား ဖြစ်တာလဲ? ဖြစ်နိုင်ချေရှိတာကတော့ တစ်စုံတစ်ရာကို လိုချင်တပ်မက်တဲ့ စိတ်အဆင့်က အဆုံးစွန်ထိ ဆောင့်တက်သွားလို့ မထိန်းနိုင် မသိမ်းနိုင် ဖြစ်သွားတဲ့ စိတ်အမျိုးအစား။
နုပ်သောစိတ်
- မမြင်ရပေမယ့် စွမ်းအားကြီးမားလွန်းတဲ့ စိတ်တန်ဖိုး အရည်အချင်းကို ထိခိုက်စေတဲ့ စိတ်အဓိပ္ပာယ်တစ်ခုပဲ။ အလွန့်အလွန် သေးငယ်ပြီး စုတ်စုတ်နုပ်နုပ် အဓိပ္ပာယ်ဖြစ်နေတဲ့ စိတ်အနေအထား။ လူမှန်ရင် ဘယ်လူသားဆီမှာမှ မရှိသင့်တဲ့ စုတ်ချာ သေးနုပ်ပြီး နိမ့်ကျနုံချာတဲ့ စိတ်အဆင့်အတန်း။
နုံးချည့်စိတ်
- ခန္ဓာကိုယ်နဲ့စိတ်ကို အသုံးပြုတာများသွားတဲ့အခါမျိုးမှာ စိတ်ကိုမှီပြီး ရုပ်ဖြစ်နေရတဲ့ ရုပ်ခန္ဓာနဲ့၊ ရုပ်ခန္ဓာကိုမှီပြီး ဖြစ်နေရတဲ့ စိတ်နှစ်ခုလုံး အားအင်ကုန်ခန်းပြီး ချည့်နဲ့ နုံးခွေပျော့ကျသွားတဲ့ စိတ်အနေအထား။
နွားကျစိတ်
- တိရိစ္ဆာန်တစ်ကောင်နဲ့ နှိုင်းယှဉ်ခံရလောက်အောင် ညံ့ဖျင်းလွန်းတဲ့၊ ရိုးအလွန်းတဲ့၊ လှည်းကျိုးထမ်းတဲ့ မိုက်မဲတဲ့နွားလို လူတွေရဲ့ စိတ်အဆင့်။
နွားငတ်ရေကျစိတ်
- ငတ်မွတ်ဆာလောင်တဲ့နေရာမှာ အငမ်းမရဆိုတဲ့ စကားလုံးကို ထပ်ဖြည့်ပြီးပြောမှ အဓိပ္ပာယ်ပြည့်စုံသွားတဲ့ အငတ်စိတ်။ ငတ်ကြီးကျတဲ့စိတ်။ မူးယစ်ဆေးစွဲသူတွေဟာ မူးယစ်ဆေးကို မြင်တဲ့အခါမှာ ဘာကိုမှမသိတော့ဘူး။ ဘာကိုမှဂရုမစိုက်တော့ဘဲ အငမ်းမရ ဖြစ်နေတဲ့ အငတ်စိတ်။