နူးညံ့သိမ်မွေ့စိတ်
- ပြုခဲ့ဖူးတဲ့ကုသိုလ်ကံ အကြောင်းတွေကြောင့် မွေးလာတည်းက မြင့်မြတ် သန့်ရှင်းတဲ့မိသားစုမှာ လူ့ဘ၀ကိုရရှိခြင်း။ လူသား ချင်းစာနာတတ်တဲ့၊ စေတနာရှိတဲ့၊ မေတ္တာထားတဲ့၊ ပတ်ဝန်းကျင်ထဲမှာ ရှင်သန်ကြီးပြင်းခွင့်ရရှိခြင်း။ အုပ်ထိန်းတဲ့မိဘ၊ ဆရာတွေရဲ့ အဆင့်မြင့် သွန်သင်ဆုံးမမှုကို ရရှိခြင်း။ နှုတ်စရိုက်၊ ကိုယ်စရိုက်၊ စိတ်စရိုက်၊ ကြမ်းတမ်းတဲ့သူတွေနဲ့ မတွေ့ကြုံရခြင်းတွေကြောင့် နူးညံ့ပျော့ပျောင်းတဲ့ စိတ်အနေအထားနဲ့ အသက်ရှင်နေထိုင်ခွင့်ရတယ်။ နူးနူးညံ့ညံ့ စိတ်အနေအထားနဲ့ အသက် ရှင် နေထိုင်ခွင့်ရတယ်။ လူရော၊ စိတ်ရော၊ ဘ၀ရော နူးညံ့သိမ်မွေ့နေတဲ့ စိတ်အနေအထားနဲ့ ရှင်သန်ခွင့်ရနေတယ်။
နေဆိတ်သောစိတ်
- မိမိရှေ့မှာ သက်ကြီးရွယ်အိုကြီးတစ်ယောက် မနိုင်မနင်းဖြစ်နေတဲ့ ဒုက္ခကို မိမိနဲ့မဆိုင်သလို မသိချင်ယောင်ဆောင်ပြီး နေနိုင်လွန်းသူရဲ့ စိတ်အနေအထား။
နေမထိထိုင်မသာစိတ်
- ဘ၀အတွက် အရေးကြီးဆုံး မျှော်လင့်ထားတဲ့ အဖြေတစ်ခုမရမချင်း ဘာကိုမှ စိတ်ဝင်စားလို့မရတော့ဘဲ လှုပ်လှုပ်ရှားရှား၊ မငြိမ်မသက်၊ ထိုင်ရမလို ထရမလို ဖြစ်နေတဲ့ စိတ်အနေအထား။
နေရာတကာပါချင်စိတ်
- စပ်စုတဲ့စိတ်ရယ်၊ မိမိကိုယ်မိမိ အထင်ကြီးတဲ့စိတ်ရယ်၊ ဘယ်သူက ဘယ်လောက်ပဲလုပ်နိုင်လုပ်နိုင် အားရကျေနပ်မှု မရှိဘဲ၊ ဘာပဲလုပ်လုပ် မိမိကိုယ်တိုင် ဦးဆောင်ပြီး လုပ်ပြမှသာ အလုပ်တစ်ခု ပြီးမြောက် အောင်မြင်မယ်လို့ တစ်ယူသန် အယူအဆနဲ့ နေရာတကာပါချင်နေတဲ့ စိတ်အမျိုးအစား။
နေသားကျစိတ်
- တစ်ခါမှ မလုပ်ဖူးတဲ့ ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ်၊ တစ်ခါမှမရောက်ဖူးတဲ့ ဘယ်လိုနေရာမျိုးကိုပဲ ရောက်ရောက်၊ အချိန်အတိုင်း အတာတစ်ခုကို ကျော်ဖြတ်လာပြီးပြီဆိုရင်တော့ အစကို စခဲ့ရတုန်းက အခြေအနေနဲ့ မတူတော့ဘဲ အရာရာဟာ လိုက်လျောညီထွေ ဖြစ်လာတာဟာ သဘာဝရဲ့ နေသားကျလာတဲ့ စိတ်သဘာဝပဲ။
နေ့မနားညမနားစိတ်
- မိမိဆောင်ရွက်နေတဲ့ အလုပ်တစ်ခုအပေါ်မှာ အာရုံစိုက်လွန်းစွာ စိတ်ဝင်စားမှု လွန်ကဲပြီး နေ့တွေညတွေကိုတောင် သတိမထားမိတော့တဲ့ အထိ၊ စိတ်ကို အလုပ်လုပ်ခိုင်းနေတဲ့ စိတ်အနေအထား။