နားရည်ဝစိတ်
- ကြားနေကျစကားတွေ ကြားရပါများလာရင် နားယဉ်ပြီး ကြားဖူးနားဝ ဖြစ်လာတာကို မိမိကိုယ်တိုင် ကြားနေကျစကားရဲ့ အဓိပ္ပာယ်ကို သိနေပြီလို့ ယူဆလာတတ်ကြတယ်။ သိနေပြီလို့ ယူဆတဲ့အဆင့်ကနေ ကြားနေကျစကားတွေကို လုပ်ပြီးသား ဖြစ်နေပြီလို့ တစ်ဆင့် တက်ပြီး မိမိကိုယ်မိမိ ထင်သွားရင်တော့ စိုးရိမ်ရေမှတ်ကျော်လာတာပဲ။ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့သိကျင့်မှုမပါဘဲ ကြားဖူးနားဝ အသိနဲ့ လောကဓံရှစ်ပါးကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ပါ့ မလားလို့ စမ်းသပ်ကြည့်ရင် နားရည်ဝစိတ်ရဲ့ မပြည့်စုံတဲ့ အရည်အချင်းကို သိလိမ့်မယ်။
နားလှည့်ပါးရိုက်စိတ်
- တစ်ဘက်သား ယုံကြည်စိတ်ချနိုင်လောက်တဲ့အထိ စည်းရုံးနည်းမျိုးပေါင်းစုံနဲ့ အချိန်ယူ ဖြားယောင်းသွေးဆောင် သိမ်းသွင်းပြီး သေချာပြီဆိုတဲ့ အချိန်မှာ တစ်ချက်တည်း အပိုင်ကြံ လှည့်ပတ်သွားတဲ့ စိတ်ပုံစံ။
နားဝေတိမ်တောင်စိတ်
- ကကြီးပြောတာလည်း မှန်နေသလိုလိုပဲ။ ခခွေးပြောတာကျတော့လည်း မှားတယ်လို့ ပြောလို့မရပြန်ဘူး။ ဘယ်လိုလုပ် မလဲ? ဘယ်ဟာအမှန်လဲ? ဘယ်ဟာကို အမှန်လို့ လက်ခံရမှာလဲ? ဝေခွဲလို့မရဘူးဖြစ်နေတာဟာ အမှန်နဲ့အမှားကို ခွဲခြား သုံးသပ် ဆင်ခြင်နိုင်တဲ့ ကိုယ်ပိုင်အသိဉာဏ် စွမ်းအားမရှိတဲ့သူတွေရဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် နားဝေတိမ်တောင်စိတ်။
နိမိတ်ပြစိတ်
- စိတ်အလျဉ်ရဲ့ စိတ်အဆင့်ဆင့် ပြောင်းရွှေ့ဖြစ်စဉ်သဘောကို လေ့လာကြည့်ရင် အာရုံခြောက်ပါးနဲ့ ပတ်သက်တဲ့ စိတ်တစ်ခု ၀င်ခွင့်ရလာတဲ့အခါမှာ ၀င်ခွင့်ရတဲ့အာရုံတစ်ခုဟာ စိတ်နဲ့စိတ်ချင်း ထိတွေ့ပြီး မူလ ဘ၀င်စိတ်အနေအထားကို လှုပ်ရှားသွားစေတယ်။ ဒါဟာ စိတ်တစ်ခု ၀င်လာပြီဆိုတဲ့ နိမိတ်ကို ပြတာပဲလို့ ယူဆကြည့်တယ်။ လှုပ်ရှားမှု နိမိတ်ပြအဆင့်မှာ ဖြတ်တောက်နိုင်ရင် စိတ်အလျဉ်ရဲ့ အဆင့်ဆင့် ပြောင်းရွှေ့ဖြစ်စဉ်ဟာ ဖြစ်ခွင့်မရှိတော့ဘူး။ ဆိုတော့ စိတ်ထဲကို စိတ်တစ်ခုဝင်လာတဲ့ နိမိတ်ပြစိတ်အဆင့်ကို သတိထား စောင့်ကြည့်သင့်တယ်။
နီးစပ်သောစိတ်
- အာရုံကို သိကြည့်နေတဲ့ စိတ်နဲ့၊ သိမှန်းသိနေတဲ့စိတ်၊ ဒီနှစ်ခုဟာ နီးစပ်လွန်းစွာ ဆက်နွယ်မှုရှိနေတယ်။ သိမှန်းသိနေတဲ့ စိတ်ရဲ့ သိပြီးတာနဲ့ ချက်ချင်းချုပ်ပျောက်ပြီး နောက်ထပ်သိစရာကို ဆက်ပြီး သိနေတဲ့ စိတ်ရယ်၊ သိစရာရှိတာ သိနေတာကို ထပ်ဆင့် သိမှန်း သိနေတဲ့ စိတ်ရယ်၊ အဲဒီသိမှုတွေဟာ တစ်ခုပြီးတစ်ခု နီးစပ်လွန်းစွာ ပူးကပ်နေတယ်။ ဒါပေမယ့် တစ်ခုစီ။ ပြီးတော့ တစ်ခုပြီးမှသာ နောက်တစ်ခု ဖြစ်ခွင့်ရနေကြတာ။
နုပျိုစိတ်
- လောကနဲ့ လူတွေရဲ့ စိတ်ပျက်စရာအကြောင်းတွေ၊ စိတ်နဲ့ စေတသိက်တွေရဲ့ အံ့သြစရာကောင်းလောက်အောင် နှိပ်စက် ညှဉ်းဆဲတတ်တဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး မလေ့လာရသေးတဲ့၊ လုံးဝအသုံးမချရသေးတဲ့၊ လုံးဝလတ်ဆတ် လန်းဆန်းနေတဲ့၊ ခံစားမှုတစ်စုံတစ်ရာ ဒဏ်ရာ ဒဏ်ချက်တွေ မရှိသေးတဲ့ နုနုနယ်နယ် ပျိုပျိုရွယ်ရွယ် စိတ်အသစ်။