နာခံမှတ်သားစိတ်
- မိမိဘ၀အတွက် တန်ဖိုးအရှိဆုံး သိသင့်တာတွေကို ရှာဖွေနေတဲ့အချိန်မှာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့သိကျင့်ခဲ့တဲ့သူက မိမိကို သိစေချင်တဲ့စိတ်နဲ့ ဖြန့်ဝေပေးနေမှန်း သတိထားမိနေလို့ ပြောသမျှတွေကို အာရုံစိုက်ပြီး ဂရုတစိုက် နာယူ မှတ်သားနေတဲ့စိတ်။
နာလန်ထစိတ်
- အကြောင်းအမျိုးမျိုးကြောင့် အသုံးမချဘဲ ပစ်ထားမိတဲ့စိတ်ဟာ အချိန်ကြာလာတော့ စိတ်စွမ်းအားတွေ လျော့ကျနေမှန်း သိလာတယ်။ မိမိအသိနဲ့ မိမိစိတ်ကို ပြန်ပြီးပြုပြင်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါ။ ဘယ်သူ့ဆီကိုမှ လျှောက်လွှာတင် အသိ ပေးစရာမလိုဘဲ မိမိစိတ်ကို မိမိဆေးကုပါ။ စိတ်အသွားအလာ အဖြစ်အပျက်တွေကို စောင့်ကြည့်သိမှတ်တဲ့ လေ့ကျင့်ခန်းအဆာတွေ ပြန်ကျွေးပါ။ အတွေးအခေါ် အမြော်အမြင် ချင့်ချိန်သုံးသပ်တဲ့ စွမ်းအားတွေဖြစ်စေမယ့် အသိနဲ့ သတိဉာဏ် အဆာကို အဓိကထားပြီး ကျွေးပါ။ ခွန်အားဖြစ်စေတဲ့ စိတ်အဆာတွေကို စားသုံးရတယ်ဆိုရင်ပဲ ယိုင်နဲ့ လဲကျနေတဲ့ စိတ်တွေဟာ ချက်ချင်း ထူထူထောင်ထောင် ပြန်ဖြစ်လာလိမ့်မယ်။ ဒါဟာ နာလန်ထ စိတ်ပဲ။
နားစွန်နားဖျားကြားစိတ်
- အတိအကျ အသေအချာ ဂရုတစိုက် အာရုံစိုက်ပြီး နားထောင်ခဲ့ရတဲ့အသံ မဟုတ်တဲ့အတွက် နားစွန်နားဖျား ကြားလိုက်ရတဲ့ အသံဟာ တစ်ပိုင်းတစ်စ ကြားတစ်ချက် မကြားတစ်ချက်နဲ့ မသေချာ မရေရာတဲ့ နားစွန်နားဖျား ကြားစိတ်ပဲ။
နားထောင်တတ်သောစိတ်
- မိမိဘက်ကပဲ ပြောနေတာမျိုးမဟုတ်ဘဲ တစ်ဘက်သားပြောချင်တာကိုလည်း အလှည့်ပေးပြီး နားထောင်ပေးတတ်တဲ့ နားထောင်စိတ်။ နားထောင်တဲ့နေရာမှာလည်း နားထောင်ရင်း မိမိအလှည့်ကျရင် ပြောမယ့်စကားကို စဉ်းစားနေပြန်ရင် စိတ်သဘာဝအရ အလုပ်တစ်ခုပဲ လုပ်တာဆိုတော့ တစ်ဘက်သား ပြောနေတာတွေ နားထောင်မှုလွတ်သွားမယ်။ လွတ်သွားတဲ့ စကားထဲမှာ အရေးကြီးတာတွေ ပါသွားရင် တစ်ဘက်သားပြောတာရဲ့ စကားအဓိပ္ပာယ်အစစ်ကို မသိနိုင်တော့ဘူး။ မိမိပြန်ပြောရမယ့် အလှည့်ရောက်လို့ ပြန်ပြောတဲ့စကားဟာ အချိတ်အဆက်မရှိဘဲ တစ်ဘက်သား နားထောင်ချင်တဲ့ စကားမျိုး ဖြစ်ချင်မှ ဖြစ်တော့မှာ။ (ဒါဟာ သူများပြောတာကို နားထောင်တတ်တဲ့ စိတ်အရည်အချင်း တစ်ခုပဲ။)
နားပူနားဆာစိတ်
- မိမိရဖို့ တစ်ခုတည်းသာသိပြီး ပူဆာနေတော့ ပေးတဲ့သူဘက်က ပေးနိုင်လား မပေးနိုင်ဘူးလား၊ ပူဆာသင့်လား၊ မပူဆာသင့်လား၊ စဉ်းစားချင့်ချိန်တာတွေ မရှိတော့ဘဲ လိုချင်တာတစ်ခုကို မရမက တောင်းဆိုနေတဲ့စိတ်။
နားယောင်တတ်သောစိတ်
- စာပေဗဟုသုတ၊ အကြားအမြင် ဗဟုသုတ နည်းပါးသူတွေ၊ ကိုယ်ပိုင်အသိဉာဏ် စွမ်းအားနည်းပါးသူတွေဟာ၊ တစ်ယောက်ယောက်ရဲ့ ဟိတ်နဲ့ဟန်နဲ့ အပြောကျွမ်းကျင်မှုအပေါ်မှာ အလွယ်တကူ ယုံကြည်သွားတဲ့စိတ်။