နသောစိတ်
- ရိုးတယ်၊ အတယ်၊ နတယ်၊ ထုံတယ်၊ ထိုင်းတယ်၊ စွမ်းအားရှင်ဆိုတဲ့ လူသားတစ်ယောက်ရဲ့ အရည်အချင်း စစ်တမ်းအရဆိုရင် စွမ်းအားရှင် လူသားဆီမှာ မရှိသင့်တဲ့စိတ်ပဲ။ ပြုပြင်လိုက်ပါ။ မိမိရဲ့ နတဲ့စိတ်နဲ့ လူ့အသိုင်းအ၀ိုင်းကြားထဲမှာ အူကြောင်ကြောင်နဲ့ မနေသင့်ပါဘူး။ ဘေးပတ်ဝန်းကျင်က စွမ်းအားရှင်တွေကို အားနာဖို့ကောင်းပါတယ်။ ပြီးတော့ မိမိရဲ့ နတဲ့စိတ်ကြောင့်ပဲ မိမိကို တောက်တိုမည်ရ ခိုင်းဖတ်အဆင့်မျိုး သတ်မှတ်လိုက်ရင် မိမိဘ၀အတွက် တိုးတက်စရာလမ်းမရှိတော့တဲ့ စိတ်အမျိုးအစားပဲ။ ပြုပြင်လိုက်ပါ။
နကန်းတစ်လုံးမျှမသိသောစိတ်
- လောကအကြောင်း၊ လူတွေအကြောင်း၊ စိတ်တွေရဲ့အကြောင်းတွေကို သိဖို့နေနေသာသာ မိမိအကြောင်းကိုတောင် မိမိ မသိဘူးဆိုတဲ့ အနေအထားမျိုး ရောက်နေတဲ့ စိတ်အဆင့်ပဲ။ (သိစရာရှိတာတွေထဲက သိသင့်တာတွေကို သိလို့ရနိုင်သလောက် သတိထား ဂရုစိုက် ကြိုးစားပြီး သိကြည့်ပါ။)
နဂိုစိတ်
- လူအဖြစ်နဲ့ လူ့လောကထဲကို ရောက်လာတဲ့အချိန်မှာ ပါလာတဲ့ မွေးရာပါ နဂိုမူရင်းစိတ်။ (မွေးရာပါ နဂိုစိတ်ကို မိဘတွေက စောင့်ကြည့်ရင်း ထက်မြက်တက်ကြွအောင် စီစဉ် ပြုပြင် ထိန်းကျောင်းပေးပါ။ အဖြူရောင် နဂိုစိတ်လေးကို ပျက်စီး မှားယွင်း သွားစေမယ့် အရောင်တွေ မဆိုးမိအောင် အသိ၊ သတိထားပြီး စောင့်ရှောက်ပါ။ ကာကွယ်ပါ။)
နဖူးတွေ့ဒူးတွေ့စိတ်
- အာရုံခြောက်ပါးကြောင့် စိတ်တစ်ခုခုဟာ မိမိစိတ်ထဲကို အဆက်မပြတ်ဝင်နေပါတယ်။ ၀င်လာတဲ့အထဲက မိမိဘ၀ကို တစ်ဆစ်ချိုး အပြောင်းအလဲဖြစ်စေမယ့် ခံစားချက်စိတ်မျိုး ဖြစ်နေတယ်ဆိုရင် ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်အောင် ဘယ်လိုအသိတွေကို ကြိုတင် ပြင်ဆင်ထားတာမျိုး ရှိနေပြီလဲ? (ဘယ်လိုစိတ်မျိုးပဲလာလာ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ဖို့ အသိစိတ်အသစ်နဲ့ သတိစိတ် အသစ်ကို ကြိုတင် တည်ဆောက်ထားပါ။)
နမော်နမဲ့စိတ်
- အာရုံစူးစိုက်မှု မရှိတာ၊ စိတ်ဝင်စားမှု မရှိတာ၊ ဂရုတစိုက် မရှိတာ၊ အလေးအနက် မထားတာ၊ ပေါ့ပေါ့ဆဆ နေထိုင်သွားလာ ပြောဆိုတာတွေ များလာရင် အဲဒီပုဂ္ဂိုလ်ရဲ့စိတ်ထဲကို နမော်နမဲ့စိတ်ဟာ အကျင့်စရိုက်အဖြစ် ၀င်ရောက်နေတတ်ပါတယ်။
နလပိန်းတုံးစိတ်
- အသုံးမပြုဘဲ ပစ်ထားတာကြာရင် ဓားတစ်ချောင်းဟာ မထက်တော့ဘူး။ သံချေးတက်တဲ့ အဆင့်ရောက်သွားရင်တော့ ဓားသွားတွေ ပဲ့ကြွေပြီး လွှင့်ပစ်ရတဲ့ သံပြားအစုတ်တစ်ခု အဆင့်ဖြစ်သွားမှာပဲ။ ဦးနှောက်ဆိုတာလည်း အသုံးချနေမှ၊ စဉ်းစားတွေးခေါ်တဲ့ အဆာတွေ ကျွေးနေမှ။ ဦးနှောက်တစ်ခုတည်းရှိတဲ့ လူသားချင်းအတူတူ ဘာမှမသိတဲ့ နလပိန်းတုံးစိတ်ကြီးနဲ့ မနေပါနဲ့။
နာကျင်စိတ်
- အာရုံခြောက်ပါးထဲက အာရုံတစ်ခုဟာ အကြောင်းတိုက်ဆိုင်ပြီး မိမိစိတ်ထဲကို ရောက်လာတဲ့အခါမှာ အာရုံနဲ့စိတ် စိတ်ချင်း ထိတွေ့တဲ့အရှိန် ပြင်းထန်မှုကြောင့် စိတ်မှာ ထိခိုက်နာကျင်တဲ့ ခံစားမှုကို ဖြစ်စေတတ်ပါတယ်။ နာကျင်မှုဖြစ်ခဲ့ရတဲ့ ဖြစ်ပြီးသား အကြောင်းအရာတွေကို မေ့ပစ် ဖယ်ထုတ်လိုက်တာမျိုး မလုပ်ခဲ့ရင် မကြာခဏ သတိရနေတဲ့ အကြိမ်အရေအတွက် များလာပြီး နာကျင်တဲ့ခံစားမှုကနေ နာကြည်းတဲ့ စိတ်အစွဲအဆင့်ကို ပြောင်းရွှေ့ရောက်ရှိသွားနိုင်ပါတယ်။ နာကျင်ရာကနေ နာကြည်းတဲ့ စိတ်မျိုးတွေ မိမိစိတ်ထဲမှာ ရှိနေပြီဆိုရင် မိမိစိတ်ကို ဆင်းရဲဒုက္ခရောက်အောင် ဖျက်ဆီးနေတတ်ပါတယ်။