နွားတစ်ဖက်ကောင်းနဲ့ ချောင်းမတက်နိုင်သောစိတ်
- လက်တစ်ဘက်တည်းနဲ့ လေးလံတဲ့သေတ္တာတစ်လုံးကို မလို့မရနိုင်ဘူး။ လက်နှစ်ဘက်လုံး အသုံးချမှ မလို့ရမယ်။ စိတ်ကို စောင့်ကြည့်သိမှတ်တဲ့နေရာမှာ အသိအားကောင်းအောင် သတိစိတ်က ကူညီပံ့ပိုးပေးနေမှ သိမှတ်မှု စွမ်းအား ပိုကောင်းတာ။
နွားသိုးကြိုးပြတ်စိတ်
- ဆိုးသွမ်းတဲ့ နွားသိုးတစ်ကောင်ကို ချည်နှောင်ထားတဲ့ ထိန်းကြိုးတွေ ပြတ်တောက်သွားလို့ကတော့ မြင်မြင်ရာကို တစ်ရှူးထိုး တစ်ရှိန်ထိုး ခေါင်းကချိုနဲ့ ဝှေ့ချက်က မြင်ရက်စရာ မရှိအောင် ရမ်းကားကြမ်းတမ်းနေမယ့် စိတ်အကြမ်းစား။ ထိန်းချုပ်မှု မရှိတော့တဲ့ စိတ်အစဉ်ဟာလည်း အရိုင်းစိုင်းဆုံး၊ အဆိုးရွားဆုံး စိတ်ရိုင်းအဆင့်ကို ရောက်သွားနိုင်တာကို ဖော်ပြတဲ့စိတ်။
နွဲ့ဆိုးဆိုးသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။သန်စွမ်းထက်မြက်တဲ့ အဓိပ္ပာယ်မပါဝင်တဲ့ နောက်ထပ် နွဲ့အဖွဲ့ဝင် စိတ်တွေကတော့ နွဲ့တဲ့တဲ့စိတ်၊ နွဲ့နောင်းစိတ်၊ နွဲ့ပျောင်းစိတ်၊ နွဲ့လျစိတ်တွေပဲ။
နွံနာခံစိတ်
- ရိုသေခြင်း၊ လေးစားခြင်း၊ သံယောဇဉ်ရှိခြင်းတွေဖြစ်တဲ့ လူအပေါ်မှာ မူတည်ပြီး မိမိအပေါ်ဘယ်လိုသဘောမျိုးပဲထားထား၊ ဘယ်လို ဆက်ဆံ ဆက်ဆံ၊ ခွင့်လွှတ်သည်းခံပြီး အလျော့ပေးထားတဲ့ စိတ်အနေအထား။
နွမ်းသောစိတ်
- စိတ်ဓာတ်စွမ်းအား ပြည့်စုံတဲ့အုပ်စုမှာ စွမ်းရည်မပြည့်မီတဲ့ စိတ်အမျိုးအစားများ အဖြစ် နွမ်းကျေသောစိတ်၊ နွမ်းချည့်သောစိတ်၊ နွမ်းနယ်သောစိတ်၊ နွမ်းပါးသောစိတ်၊ နွမ်းရိသောစိတ်၊ နွမ်းရော်သောစိတ်၊
နွမ်းလျသောစိတ်များကို သတ်မှတ်လိုက်ပါတယ်။
နှမြောသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
နှလုံးသွင်းမှန်သောစိတ်
- စိတ်နှလုံးအတွင်းထဲကို အာရုံတစ်ခုခုပေါ်အောင် မှန်ကန်သင့်လျော်စွာ ပြုလုပ်ပေးခြင်းဟာ နှလုံးသွင်းခြင်းသဘောပဲ။
နှီးနှောဖလှယ်စိတ်
- စီစဉ်သတ်မှတ်ထားတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါမှာ တစ်ဖက်သတ် အယူအဆမျိုးမဟုတ်ဘဲ၊ အများ သဘောဆန္ဒနဲ့အညီ ဖြစ်အောင် အကောင်းမြင်သဘောနဲ့ မိမိသိသမျှကို သူတစ်ပါးကိုပြောပြ၊ သူတစ်ပါးပြန်ပြောတာကိုလည်း မိမိဘက်က နားထောင်ပေး။ ဖြစ်သင့်တာကို မိမိဘက်က ပွင့်ပွင့်လင်းလင်း ပြောပြ၊ တစ်ဘက်က ဖြစ်စေချင်တာကိုလည်း မိမိဘက်က စိတ်ရှည်ရှည်နဲ့ နားထောင်ပေးကြပြီး အများစုရဲ့ သဘောတူညီမှုကို ရရှိအောင် ညှိနှိုင်းတဲ့ စိတ်အမျိုးအစား။
နှေးကွေးလေးလံစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
နှံ့စပ်စိတ်
- သိစရာရှိတာတွေထဲက သိသင့်တာတွေအကုန်လုံးကို ရှာဖွေလေ့လာ စုံစမ်းမေးမြန်းပြီး သိသမျှကို မှတ်သားတဲ့ အလေ့အကျင့် ရှိသူ၊ စာပေမျိုးစုံကို ဖတ်တဲ့အကျင့်ရှိသူ၊ အကြားအမြင် ဗဟုသုတများတဲ့သူရဲ့ သိမှုကြွယ်ဝချမ်းသာတဲ့ စိတ်အနေအထား။