မကောင်းဆိုးဝါးစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
မကျေနပ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
မကြံအပ် မစည်အပ်စိတ်
- မိမိအတွက်ရော၊ သူတစ်ပါးအတွက်ပါ ဆင်းရဲဒုက္ခရောက်ပြီး ပျက်စီးစေမယ့် ကြံစည်တွေးတောစိတ်။
မကြိုက်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
မခံချိမခံသာစိတ်
- တစ်ဖက်သတ် ပြောဆိုစွပ်စွဲ နှိမ့်ချကဲ့ရဲ့နေတာကို သိသိကြီးနဲ့ တုံ့ပြန်ချေပခွင့် မရဘဲ ငုံ့ခံနေရတဲ့ အနေအထားကို ကြိတ်မနိုင် ခဲမရ မခံချင်တဲ့စိတ် ဖြစ်တယ်။ မခံချိမခံသာစိတ် ဖြစ်တယ်။ မချိတင်ကဲစိတ် ဖြစ်တယ်။ မချင့်မရဲစိတ် ဖြစ်တယ်။ မခံမရပ်နိုင်အောင် ခံစားနေရလို့လည်း စိတ်မှာ ညစ်ညူးနေတယ်။
မခိုမကပ်စိတ်
- အချောင်ခိုတဲ့ စိတ်မပါဘူး။ တွက်ကတ်တဲ့ စိတ်မပါဘူး။ လုပ်ရမယ့်အလုပ်ကို စွမ်းအား အကုန်ထုတ်သုံးပြီး အလုပ်လုပ်နေတဲ့ စိတ်အနေအထား။
မခို့တရို့စိတ်
- တည်ငြိမ်ပြီး ရှက်သလိုလို ဖြစ်နေတဲ့ ရှက်စိတ်အမျိုးအစား။
မခိုးမခန့်စိတ်
- ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားဆိုတဲ့ မြန်မာ့ဆိုရိုးစကားနဲ့ မကိုက်ညီတဲ့ မထီလေးစား မခန့်လေးစားနဲ့ မခိုးမခန့်ပုံစံ ဖြစ်နေလို့ လေးစားမှုမရှိတဲ့ စိတ်အနေအထား။
မခိုင်မြဲသောစိတ်
- အရာရာကို ပေါ့ပေါ့ဆဆတွေး ပေါ့ပေါ့ဆဆပဲ မြင်တတ်တဲ့သူတွေဟာ ခိုင်မာတဲ့ဆုံးဖြတ်ချက် ပြတ်သားတည်ကြည်တဲ့ အယူအဆ မရှိဘဲ ကတိတစ်ခုကို လွယ်လွယ်ပေးပြီး လွယ်လွယ်ပဲ ပြန်ဖျက်တတ်တဲ့ စိတ်အပေါစား။
မချိမဆံ့စိတ်
- ခံနိုင်ရည်အဆင့်ထက် အဆပေါင်းများစွာ ကျော်လွန်ပြီး ပူလောင်ပြင်းထန်တဲ့ ဖိစီးမှုအောက်မှာ မခံမရပ်နိုင်တော့တဲ့အထိ လူးလှိမ့် ခံစားနေရတဲ့ စိတ်အနေအထား။
မချိသွားဖြဲစိတ်
- ကြီးမားတဲ့ အမှားတွေကို တစ်ဖက်လူက ကျူးလွန်နေမှန်း သိနေပေမယ့် အဲဒီ တစ်ဖက်လူရဲ့ ငွေကြေးအစရှိတဲ့ အကူအညီကို မကြာခဏ ယူနေရတော့ အောင့်အည်းပြီး ရယ်ပြနိုင်အောင် ဖန်တီးပေးနေရတဲ့ စိတ်အတု။
မချေမငံစိတ်
- စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတာကို တစ်ဖက်လူသိအောင် နားထောင်လို့ မသင့်လျော်တဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ တုံ့ပြန်နေတဲ့ စိတ်အနေအထား။
မခြွင်းမချန်စိတ်
- စိတ်ထဲမှာ ရှိသမျှ၊ သိသမျှ၊ တတ်သမျှ အကုန်လုံး အကြွင်းအကျန်မရှိ၊ တစ်ခုမှမကျန်၊ နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် အသိဉာဏ်မှန်သမျှ အိပ်သွန်ဖာမှောက် ထားပေးခဲ့တဲ့ ဆရာစိတ်။
မငြင်းဆန်နိုင်သောစိတ်
- ခန္ဓာကိုယ်ရှိနေရင် ဒုက္ခတွေရှိနေမှာပဲ။ စိတ် စေတသိက်တွေရှိနေရင် ဒုက္ခတွေရှိနေမှာပဲ။ အရာရာဟာ သူ့သဘောနဲ့ သူ ဖြစ်နေတာကို မိမိဖြစ်စေချင်တဲ့သဘောအတိုင်း မဖြစ်နိုင်ဘူးဆိုတဲ့ သဘာဝသဘောတရားတွေဟာ ဘယ်လိုမှ ငြင်းလို့မရနိုင်ဘူးဆိုတဲ့ စိတ်အမှန်။
မစားရတဲ့အမဲ သဲနဲ့ပက်စိတ်
- လိုချင်လွန်းအားကြီးတဲ့ တစ်စုံတစ်ရာကို နည်းမျိုးစုံသုံးပြီး ယူပေမယ့် မရတဲ့အဆုံး ငါမရရင် သူများလည်း မရစေရဘူးဆိုတဲ့ ညစ်ပတ်စိတ်နဲ့ ဖျက်ဆီးပစ်တတ်တဲ့ အဆင့်နိမ့် စိတ်အမျိုးအစား။