လိုချင်နေတဲ့ တဏှာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က လာမေးရင် အာရုံအထိကို ဘယ်လို ဖြေမိမလဲလို့ ကိုယ့်ဟာကိုယ် မေးခွန်းတွေ မေးကြည့်နေတယ်။

မေး - တဏှာဆိုတာ ဘာလဲ?
ဖြေ - တဏှာဆိုတာ ဆာလောင်တဲ့ သဘောပဲ။

အာရုံတွေကို ဆာလောင်လိုချင်နေတာ၊

ဘ၀အသစ်ပြန်ဖြစ်စေတာ၊

လောဘကြီးတာ၊

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ပစ္စည်းခြောက်ခုနဲ့ ပတ်သက်ပြီး ပေါ်လာသမျှ

ကာမဂုဏ်အာရုံ အကုန်လုံးကို လောဘတကြီး ဆာလောင် ငတ်မွတ်လိုချင်တာ။

တဏှာဆိုတာ မိမိကိုယ်ကိုလည်း ကြိုက်တယ်။

မိမိရဲ့ မျက်နှာ၊ ဆံပင်၊ အသားအရေ၊ လက်ချောင်း၊ ခန္ဓာကိုယ် အချိုးအစားတွေကို ကြိုက်တာ တဏှာ။

ဒီဘ၀လှသလို၊ နောက်ဘ၀တွေမှာလည်း လှပါစေလို့ ဆုတောင်းတာ တဏှာ။

(မှတ်ချက် - တဏှာစိတ်နဲ့ ဆုတောင်းနေတဲ့အချိန်မှာ သန္ဓေသားအဖြစ်နဲ့ မိခင်ဗိုက်ထဲမှာ နေရမယ့်ဒုက္ခ၊ မွေးပြီးတာနဲ့ အရာရာကို တစ်ကပြန်စရမယ့် လူဖြစ်ခြင်းဒုက္ခတွေကို မေ့နေကြတယ်။)

မြင်သမျှအာရုံတွေကို လိုချင်တာ။ လူ့အသုံးအဆောင် ပစ္စည်းဥစ္စာတွေကို လိုချင်တာ တဏှာ။

ကြားသမျှ အသံအာရုံတွေကို လိုချင်တာ၊ နားထောင်ချင်တဲ့အသံကို သွားလေရာ တစ်ပါတည်း ယူသွားနိုင်အောင် နည်းပညာအသစ်တွေနဲ့ တီထွင်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို လိုချင်တာ တဏှာ။

အနံ့နဲ့ပတ်သက်ရင်လည်း ဒီအတိုင်းပဲ။

ကြိုက်တဲ့ အရသာဆိုရင်လည်း ထပ်ကာ ထပ်ကာ စားချင်တာ တဏှာ။

(ဒီဆိုင်က အစာကို စားရမှဆိုတဲ့ လျှာတဏှာ။)

ယောက်ျားနဲ့ မိန်းမနှစ်မျိုးတည်း ရှိတဲ့

ကမ္ဘာကြီးထဲမှာ

ယောက်ျားအာရုံခြောက်ပါးနဲ့ မိန်းမအာရုံခြောက်ပါး ထိတွေ့ပြီး အပြန်အလှန် ကြိုက်ချင်ရာ ကြိုက်နေကြတာ တဏှာ။

အတွေးကို ဆာလောင်တဲ့ တဏှာကတော့ စိတ်ဝင်စားစရာ ကောင်းတယ်။

မြင်ရတာလည်း မဟုတ်ဘူး။ ကြားရတာလည်း မဟုတ်ဘူး။

မြင်ခဲ့၊ ကြားခဲ့၊ ကြုံခဲ့ဖူးတာတွေကို စိတ်ကူးနဲ့ စဉ်းစားပြီး အတွေးအာရုံကို ကြိုက်နေတာ တဏှာ။

မေး - ကြိုက်စရာ အာရုံတွေကို စာရင်းလုပ်ကြည့်ရင် ဘာတွေပါမလဲ?
ဖြေ - မိမိခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးနဲ့ ပစ္စည်းခြောက်ခုနဲ့
သူတစ်ပါးရဲ့ ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး၊ ပစ္စည်းခြောက်ခုနဲ့
ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ အာရုံပေါင်းများစွာဟာ
ကာမဂုဏ်အာရုံတွေကို ဆာလောင်လိုချင်တဲ့ တဏှာအဖြစ် စာရင်းဝင်ရောက်ရှိသွားစေတော့တာပဲ။
ကာမဂုဏ်အာရုံနဲ့ ပတ်သက်ရင် စိတ်ဆာလောင်မှုကို ဘယ်လောက်ပဲ ကျွေးကျွေး၊ မ၀ဘူး၊ ကျေနပ်တယ်ဆိုတာ မရှိဘူး။
ကာမဂုဏ်အာရုံတွေကို ကြိုက်ပြီးရင်း ကြိုက်ရင်း၊ အာရုံတွေနောက်ကို လိုက်ရင်း လိုက်ရင်းနဲ့ နဖူးကွဲ၊ ဒူးပြဲ၊ ပစ်စ လက်ခတ် ဘ၀ပျက်၊ အသေဆိုးနဲ့သေ၊ ရူးပြီး ဘ၀မေ့၊ တဏှာစိတ်နဲ့ ရူးနေတာတွေ တွေ့ဖူးမှာပေါ့။
ချမ်းသာချင်တယ်၊ လှချင်တယ်၊ တော်ချင်တယ်၊ တတ်ချင်တယ်။
လိုချင်တာတွေ ရချင်တယ်၊ ဖြစ်ချင်တာတွေ အကုန်လုံး ဖြစ်ချင်တယ်။

‘ချင်’ ဆိုတဲ့ သဘောပါတဲ့ စိတ်ဟာ တဏှာပဲ။

မရှိဆင်းရဲတဲ့သူတွေက ပြည့်စုံချမ်းသာချင်တယ်။

ဒုက္ခရောက်နေတဲ့သူတွေက ဒုက္ခထဲက လွတ်မြောက်ချင်တယ်။

လိုချင်နေတာတွေ၊

ဖြစ်ချင်နေတာတွေက ရပ်သွားတယ်လို့ မရှိဘူး။

ရတိုင်းလိုချင်နေတယ်ဆိုတာ တဏှာ။

တဏှာသဘောရဲ့ လိုချင်မှုကြောင့် သဘာဝအရ ဖြစ်ပေါ်နေတဲ့ ပင်လယ်သမုဒ္ဒရာကြီးကို ငါပိုင်တယ်၊ သူပိုင်တယ်ဆိုပြီး လုကြ၊ စကားများကြ၊ ငြင်းခုန်ကြ၊ လိုချင်နေကြတာ တဏှာ။

ဘယ်တုန်းတည်းက ရှိမှန်းမသိတဲ့ ကမ္ဘာမြေကြီးပေါ်မှာ တိုင်တွေ စိုက်ကြ၊ စည်းရိုးတွေ ခတ်ကြပြီး ငါပိုင်တဲ့ မြေကြီးလို့ သတ်မှတ်ပြီး လိုချင်နေတာ တဏှာ။