လက်ပေါက်ကတ်သောစိတ်
- ဒုက္ခရောက်နေမှန်း သိလို့ ဘေးကစေတနာနဲ့ အကြံပေးနေတာကို သိပေမယ့် (ကျေးဇူးတင်ပါတယ်လို့ မပြောချင်တာနဲ့) လက်ခံချင်သလိုလို၊ လက်မခံချင်သလိုလို၊ ပေကတ်ကတ် လုပ်နေတဲ့ စိတ်အနေအထား။
လက်ပွန်းတတီးနေချင်စိတ်
- သူစိမ်းတွေလို မခေါ်မပြော မဟုတ်ဘဲ၊ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပြီး နီးနီးကပ်ကပ်နေချင်တဲ့ စိတ်ပုံစံ။
လက်ရဲဇက်ရဲစိတ်
- ဘာပဲလုပ်လုပ် စဉ်းစားတာတွေ၊ တွေးတောချင့်ချိန်တာတွေ မရှိဘဲ၊ အကြောက်အရွံ့မရှိ၊ ပြောစရာရှိရင်လည်း ပွင့်ပွင့် လင်းလင်း ပြတ်ပြတ်သားသား၊ ပြောရဲဆိုရဲ၊ လုပ်စရာရှိရင်လည်း ရဲရဲတင်းတင်း၊ လုပ်ရဲကိုင်ရဲရှိတဲ့ စိတ်အမျိုးအစား။
လက်ရည်တစ်ပြင်တည်းထားသောစိတ်
- လူတန်းစား ခွဲခြားခြင်း မရှိ၊ ဆင်းရဲချမ်းသာမရွေး၊ တစ်ခုတည်းသော စိတ်အမှန်ကို ထားပေးပြီး ဆက်ဆံတယ်။ လုပ်ကိုင်တယ်။ မျှမျှတတ၊ မှန်မှန်ကန်ကန်နဲ့ လူတိုင်းအပေါ်မှာ တစ်ပြေးညီထားထားတဲ့ စိတ်အနေအထား။
လက်ရှောင်တတ်သောစိတ်
- လူသားမဆန်တဲ့ စိတ်အမျိုးအစား တစ်ခုပါပဲ။ ဘယ်လိုပြဿနာပဲ တက်တက် ၀ိုင်းဝန်း ကူညီဖေးမပေးချင်တဲ့စိတ် မရှိဘူး။ စာနာညှာတာ ပံ့ပိုးပေးချင်တဲ့ စိတ်မရှိဘူး။ ဘယ်သူက ဘယ်လိုထင်ထင် မိမိနဲ့မဆိုင်သလို သိသိ သာသာကြီး ရှောင်ဖယ်နေတတ်တဲ့ စိတ်အမျိုးအစား။
လက်လွတ်စပယ်လုပ်တတ်သောစိတ်
- မိမိနဲ့ပတ်သက်နေတဲ့ ကိစ္စပဲဖြစ်ဖြစ်၊ မပတ်သက်တဲ့ကိစ္စပဲဖြစ်ဖြစ်၊ ပြဿနာတစ်ခု ပေါ်လာရင် ပြီးပြီးရော! မြန်မြန်ပြီး အေးရော! မိမိလက်ကလွတ် ပြွတ်! မိမိဆီမှာ ပြဿနာတစ်ခုကို အကြာကြီး မထားထားဘဲ မြန်မြန်လွှတ်ချလိုက်ပြီး အရာရာကို ပေါ့ပေါ့လေး သဘောထားတဲ့စိတ်။
လက်လွယ်သောစိတ်
- ပေးစရာရှိရင် တွေးတော စဉ်းစားမနေတော့ဘဲ အလွယ်တကူ ရက်ရက်ရောရော ပေးကမ်းတတ်တဲ့ စိတ်ပုံစံ။ ပေးလိုက်တဲ့ ပစ္စည်းတွေပေါ်မှာလည်း သံယောဇဉ်တို့၊ စွဲလမ်းတာတို့၊ နှမြောတွန့်တိုတာတို့ မရှိဘဲ အပေးအကမ်း လွယ်ကူတဲ့စိတ်။
လက်လွတ်ဆုံးရှုံးသွားသောစိတ်
- ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရဲ့ အသိစိတ်ထဲမှာ အပယ်လေးဘုံ၊ လူ့ဘုံတစ်ခု၊ နတ်ပြည်က ခြောက်ခု၊ ဗြဟ္မာဘုံက နှစ်ဆယ်၊ စုစုပေါင်း ၃၁ ဘုံရှိတယ်လို့ လက်ခံထားတယ်။ ဘယ်ဘုံမှာရှိရှိ ၃၁ ဘုံ ဒုက္ခသံသရာထဲမှာ ရှိနေသရွေ့၊ ဒုက္ခက မလွတ်မြောက်သေးဘူးလို့လည်း သဘောပေါက်ထားကြတယ်။ သံသရာက လွတ်မြောက်ကြောင်း တရားကိုလည်း လူဘုံထဲက လူအဖြစ်နဲ့သာ အားထုတ်နိုင်ခွင့် ရှိတယ်လို့ ယုံကြည်ထားကြတယ်။ မသေခင် လူဖြစ်ခွင့်ရှိနေတုန်း ဒုက္ခက လွတ်မြောက်ကြောင်း ကျင့်စဉ်ကို အားမထုတ်ဖြစ်ခဲ့ဘူးဆိုရင် လက်လွတ်ဆုံးရှုံးမှုက အကြီးကျယ်ဆုံးပဲ။ (နောက်ဘ၀ဆိုတာ မသေချာဘူးနော်။)
လက်လျှော့လိုက်သောစိတ်
- မဖြစ်နိုင်တော့ဘူး၊ မျှော်လင့်ချက်မရှိတော့ဘူးဆိုတာ သေချာသွားရင် စိတ်လျှော့ လက်လွှတ်လိုက်တဲ့ စိတ်အနေအထား။ ဆေးရုံထဲက ခွဲစိတ်ခန်းထဲမှာ လူနာရဲ့ရောဂါ သက်သာအောင် အစွမ်းကုန် ဂရုစိုက်ပြီး ကုသနေကြပေမယ့် လူနာရဲ့ရောဂါကိုက ကုမရအောင် ကျွမ်းနေပြီဆိုတာကို အတိအကျ သိလိုက်ရတဲ့ အချိန်မှာ လက်လျှော့လိုက်တဲ့စိတ်။ လက်လွှတ်လိုက်တဲ့စိတ်ကို လက်ခံ အတည်ပြု လိုက်ရတယ်။ (လက်မခံနိုင်ဘူး။ ရှင်အောင်ပြန်လုပ်ပေးလို့များ သတိလက်လွတ် ပြောဆိုမိရင် ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအကုန်လုံးအတွက် စိတ်အနှောင့်အယှက် ဖြစ်ရုံပဲရှိမယ်။ ဖြစ်တတ်တဲ့ သဘာဝ သဘောတရားတွေကို ကြိုတင် သဘောပေါက်ထားရင်တော့ လက်လျှော့ လိုက်ရတာချင်း အတူတူ သတိနဲ့အသိ ရှိတဲ့လူက သက်သာမယ်။)
လက်သင့်ရာစားတော်ခေါ်တတ်သောစိတ်
- ကောင်းတဲ့နေရာဆိုရင် မိမိနဲ့အဆင်ပြေတဲ့သူကိုသာ နေရာပေးချင်တဲ့ စိတ်ကူးအစီအစဉ် ရှိနှင့်ပြီးသား စိတ်အနေအထား။