လေးစားဖွယ်ကောင်းသောစိတ်
- လူ့အဖွဲ့အစည်းထဲမှာ သတ်မှတ်ထားတဲ့ စိတ်စည်းကမ်းအရ၊ လူမှုစည်းကမ်းအရ၊ ဖြောင့်မတ်ခြင်း၊ တည်ငြိမ်ခန့်ညားခြင်း၊ သမာသမတ်ရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းစတဲ့ လူ့ကျင့်ဝတ်၊ စိတ်ကျင့်ဝတ်၊ စည်းကမ်းတွေနဲ့ ပြည့်စုံနေရင် သူတစ်ပါးရဲ့ ရိုသေလေးစား ယုံကြည်စိတ်ချမှုကို ရမှာပဲ။ (ဘာ့ကြောင့်ပဲဖြစ်ဖြစ် မပျက်စီးသွားဖို့ပဲ လိုတယ်။)
လေးတွဲ့နေသောစိတ်
- ဘာမှမလုပ်ချင်၊ မကိုင်ချင်ဘဲ ပျင်းရိလေးလံနေတဲ့ စိတ်ပုံစံ။ စိတ်သံပတ် လျော့နေလို့ ဖြစ်နေတဲ့သဘောပါပဲ။ မိမိဆီမှာ ရှိပြီးသား လှုံ့ဆော်တိုက်တွန်းတတ်တဲ့ စေတနာစိတ်ကို အကူအညီတောင်းပြီး ငါ့စိတ်တွေတက်ကြွအောင်၊ ထက်သန်လာအောင် လုပ်မယ့် အလုပ်ထဲမှာ စိတ်ဝင်စားလာအောင် ငါ့ကို မြှောက်ထိုးပင့်ကော် လုပ်ပေးစမ်းပါလို့ အာရုံပြုလိုက်ရင် လေးနေတဲ့ စိတ်တွေ ပေါ့ပါး ဖျတ်လတ် သွားလိမ့်မယ်။
လေးလေးနက်နက် ထားတတ်သောစိတ်
- လူတွေအတွက် အရှိသင့်ဆုံး စိတ်အမျိုးအစားပါပဲ။ ယခုလက်ရှိ မိမိလုပ်နေတဲ့ အလုပ်ပေါ်မှာ လေးလေးနက်နက် အာရုံ စူးစိုက်ထားလိုက်တာနဲ့ လုပ်နေဆဲအလုပ်နဲ့ ပတ်သက်တဲ့ သိပြီးသားတွေက တစ်ဆင့်၊ ထပ်ဆင့်ပွားတဲ့ အသိသစ်တွေပါ ရရှိလာမှာ သေချာတယ်။ (ဒါဟာ အာရုံစူးစိုက်မှု လေးလေးနက်နက် ဖြစ်သွားလို့ ထပ်ဆင့်ပွား အသိသစ်ကို မူရင်းသိနေတဲ့ အသိက ကူညီပံ့ပိုးပေးလိုက်တာပဲ။)
လောကဓံရှစ်ပါးနဲ့ စစ်ဆေးကြည့်နေသောစိတ်
- မိမိလေ့ကျင့်တည်ဆောက်ထားတဲ့ စိတ်အသိဉာဏ်စွမ်းအား ဘယ်အဆင့်ရောက်နေတယ်ဆိုတာ သိချင်ရင်၊ လောကဓံ ရှစ်ပါးနဲ့ ရင်ဆိုင်ပြီး စစ်ဆေးကြည့်ပါတဲ့။ ပစ္စည်းဥစ္စာရခြင်း၊ ပစ္စည်းဥစ္စာမရခြင်း၊ အခြွေအရံများခြင်း၊ အခြွေအရံမရှိခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းနဲ့ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်း။ ဒီရှစ်ခုနဲ့တွေ့ပြီး စိတ်ထဲမှာ ဘယ်လိုတုန်လှုပ်မှုမှ မရှိဘူးဆိုရင် စိတ်စာမေးပွဲအောင်ပြီ။
လောကြီးနေသောစိတ်
- စိတ်မြန်နေသူတွေ ဖြစ်တတ်တဲ့ စိတ်အမျိုးအစား။
လောကွတ်ပျူငှာစိတ်
- ယနေ့ခေတ်ရဲ့ လူများစွာနဲ့ ပတ်သက်ပြီး စီးပွားရှာနေကြရတဲ့သူတွေ အကုန်လုံးဟာ အလုပ်ချိန်အတွင်းမှာ အချိန်ပြည့် အသုံးချနေရတဲ့ စိတ်အမျိုးအစားပါပဲ။ စိတ်နဲ့တွဲပြီး လောကွတ်သဘောမျိုး လှုပ်ရှားပေးနေရတဲ့ ခန္ဓာကိုယ်အမူအရာရယ်၊ အဓိကအကျဆုံး ဖြစ်တဲ့ မျက်နှာအနေအထားနဲ့ ပျူငှာတဲ့အပြုံးရယ်၊ ပြောဆိုတဲ့ အသံအနေအထားရယ် ပူးတွဲဖော်ပြရတဲ့ စိတ်အမျိုးအစားပါပဲ။
လောဆော်နေသောစိတ်
- လှုံ့ဆော်နေတဲ့ စိတ်အမျိုးအစားကို နောက်ထပ်နာမည်တစ်ခုနဲ့ ဖော်ပြထားတဲ့ စိတ်တစ်ခုပဲ။
လောဘဇောတိုက်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
လော်မာစိတ်
- ဖောက်ပြန်တတ်တဲ့သဘော၊ ဖောက်ပြားတဲ့သဘော၊ ကလီကမာလုပ်တဲ့သဘော၊ စိတ်ကစားတဲ့သဘောတွေပါနေလို့ အန္တရာယ်ရှိတဲ့ စိတ်အမျိုးအစားပဲ။ အိမ်ထောင်မကျခင် ချစ်သူအဆင့်တည်းက တစ်ယောက်နဲ့တစ်ယောက် သတိထား စောင့်ကြည့် အကဲခတ်သင့်တဲ့ စိတ်အမျိုးအစားပဲ။ အိမ်ထောင်ရှိလျက်နဲ့ တိုးတိုးတိတ်တိတ် ဖောက်ပြန်နေရင် ဟိုဘက်၊ ဒီဘက် မျက်နှာပျက်ရမယ့် စိတ်ဆင်းရဲရမယ့် စိတ် အမျိုးအစားပဲ။ (မပေါင်းချင်လို့ ကွာရှင်းကြတာကတော့ တစ်မျိုးပေါ့။)