လူပြိန်းစိတ်
- လူလူချင်း မျက်နှာပျက်စရာကောင်းတဲ့၊ အားနာစရာကောင်းတဲ့ စိတ်အမျိုးအစားပဲ။ လူဆိုတဲ့စွမ်းအားရှင် အဓိပ္ပာယ်တန်ဖိုးနဲ့ မလိုက်ဖက်ဘဲ လူဖြစ်ကျိုးမနပ်စေတဲ့၊ လူကိုပျော့စေတဲ့၊ လူကိုညံ့စေတဲ့၊ လူကိုပြိန်းစေတဲ့ စိတ်အမျိုးအစားလို့ ပြင်းပြင်းထန်ထန် စွပ်စွဲနေမှတော့ လူပျော့ လူညံ့ လူပြိန်းလို့ သတ်မှတ်ခံရတဲ့ စိတ်မျိုးတွေ မိမိမှာ ရှိနေရင် ပြုပြင်ပြောင်းလဲသင့်ပြီ။
လူမဆန်သောစိတ်
- ယုတ်မာတဲ့ စိတ်အမျိုးအစားနဲ့လူလား? လူလူချင်း ညှဉ်းပန်းနှိပ်စက် အနိုင်ကျင့်တတ်တဲ့ စိတ်အမျိုးအစားနဲ့လူလား? လူကုန်ကူးနေတဲ့ လူလား? လိင်ဖျော်ဖြေရေးအတွက် သားသမီးချင်း မစာမနာ၊ ရာဂစိတ် ပြင်းထန်လွန်းတဲ့ လူမဆန်တဲ့စိတ် ရှိသူတွေနဲ့ ပေါင်းမိနေသလား?
လူမှုဝန်ထမ်းစိတ်
- လူတွေရဲ့ သာရေး၊ နာရေး၊ လူမှုရေးကိစ္စမှန်သမျှ ကိုယ်ကျိုးမပါ၊ နေ့မအား ညမနား ဆောင်ရွက်ဖို့ အချိန်တိုင်း အမြဲတမ်း အဆင်သင့် ဖြစ်နေတဲ့ ၀ါသနာစိတ်။
လူရာဝင်သောစိတ်
- လူရိပ်လူကဲ သိတဲ့ စိတ်အရည်အချင်းရှိရင် လူတွေထဲမှာ လူရေးလူရာ နှံ့စပ်လို့ လူရာဝင်တယ်။ ဒီလိုစိတ်မျိုး ရှိတဲ့လူတွေကတော့ ဘယ်နေရာရောက်ရောက် လူထဲက လူတွေဆီမှာ လူလူချင်း လူဝင်ဆံ့ပြီး အသုံးဝင်နေမယ့် စိတ်အမျိုးအစားပဲ။
လူရိုးလူအစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
(ဒါပေမယ့် ပစ်မထားပါနဲ့။ လူရေးလူရာ နှံ့စပ်ပြီး လူနဲ့ပတ်သက်တဲ့ပညာရပ် ကျွမ်းကျင်သူတွေက ရိုးပြီး အတဲ့သူကို လက်တွဲခေါ်ပါ။ ထက်မြက်တက်ကြွတဲ့ စိတ်အနေအထားမျိုးဖြစ်လာအောင် ပြုပြင်ပေးပါ။)
လူရည်လည်သောစိတ်
- လူရည်လည်တဲ့ စိတ်အမျိုးအစားနဲ့၊ လူရိပ်လူကဲသိတဲ့ စိတ်အမျိုးအစား၊ လူရာဝင်တဲ့စိတ်အမျိုးအစားတွေနဲ့ မတူဘူး။ လူရည်လည်စိတ်မှာ မာယာတွေ ပါနေတယ်။ နပ်တဲ့သဘောတွေပါနေတယ်။ စိတ်ချရတယ်လို့ အတိအကျ အာမခံလို့ မရတဲ့ စိတ်မျိုး။ အခြေအနေပေးရင် နည်းနည်းလေး ညာစားချင်တဲ့ စိတ်သဘောမျိုးပါနေတယ်။ (“ဒီလူက လူလည်” လို့ သုံးနှုန်းခေါ်ဝေါ် ပြောဆိုလို့ရတာမျိုးပေါ့။)
လူရည်သန့်သောစိတ်
- ဒီစိတ်အမျိုးအစားကမှ လူ့စာရင်းထဲမှာ ပါသင့်တာ။ ထက်မြက်တဲ့၊ မြင့်မြတ်တဲ့၊ စိတ်စွမ်းအားတွေပါ ပြည့်စုံနေမယ်ဆိုရင်တော့ တန်ဖိုးရှိတဲ့ စိတ်အဆင့်ပဲ။
လူလိမ်စိတ်
- လူလည်ထက် ပိုဆိုးတဲ့ စိတ်အမျိုးအစား။ လည်တာနဲ့ လိမ်တာမတူဘူး။ လိမ်တာကတော့ တစ်ဘက်သား အကျိုးစီးပွားကို ပျက်စီးစေတဲ့ အဆင့်ထိ အကြံအစည်တွေပါနေတဲ့ လူလိမ်စိတ်။
လူလိမ္မာစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
လူဝါးဝသောစိတ်
- လူတွေအကြောင်းကို ကကြီးအက္ခရာကနေ အ အက္ခရာအထိ နောကျေနေအောင် သိတဲ့အဆင့်ရောက်နေတဲ့ စိတ်အမျိုးအစား။ ပါးစပ်ဟလိုက်တာနဲ့ ဗိုက်ထဲမှာ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာကို ပြောနိုင်တဲ့အဆင့် ရောက်နေတဲ့ စိတ်အမျိုးအစား။
လူသိမခံသောစိတ်
- မိမိရဲ့အားနည်းချက် တစ်စုံတစ်ရာကို လူသိမခံချင်တဲ့ စိတ်အကျင့်။ (ဥပမာ - စကားကို မြန်မြန် ပြောမိတဲ့အခါမျိုးမှာ စကား ထစ်နေတတ်တဲ့ အားနည်းချက်၊ ရုတ်တရက် ခါးကိုတို့ရင် ဆိုးဆိုးရွားရွား စကားလုံး အသုံးအနှုန်းတွေယောင်ပြီး ပြောဆိုတတ်တဲ့ အားနည်းချက်။)
လူသိရှင်ကြား ဆောင်ရွက်နိုင်သောစိတ်
- လုပ်နိုင်သလောက် ပြောရဲပြီး၊ ပြောရဲသလောက် လက်တွေ့လုပ်ပြနိုင်တဲ့ စွမ်းအားမျိုးရှိနေရင် ဒီစိတ်ခေါင်းစဉ်နဲ့ လူစားမျိုးလို့ ကြေညာလို့ရတယ်။