လှပနုနယ်စိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
လှသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
လှီးလွှဲလိုက်သောစိတ်
- မိမိကျူးလွန်တဲ့အမှားကို သူတစ်ပါး ကျူးလွန်တဲ့အမှားဖြစ်အောင် ဇယားရွှေ့ပေးလိုက်တဲ့ ဉာဏ်နီဉာဏ်နက်စိတ်။
လှူဒါန်းသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
လှေနံဓားထစ် လက်ခံထားသောစိတ်
- ဆရာသင်ပေးထားတဲ့အတိုင်း ဒါဆိုဒါပဲ။ တစ်သဝေမတိမ်း လိုက်နာတတ်တဲ့ တပည့်တချို့ရဲ့ စိတ်အမျိုးအစား။ ဒီလိုစိတ်မျိုး ရှိတဲ့သူတွေအတွက် သတိထားရမယ့် အရေးအကြီးဆုံး အချက်က ဆရာတင်တာ မမှားဖို့ပဲ။
လှေနံနှစ်ဖက်နင်းချင်သောစိတ်
- အလိုလောဘကြီးတဲ့သူတွေဟာ လှေနံနှစ်ဖက် နင်းချင်ကြတယ်တဲ့။ အလိုရမ္မက်ကြီးတဲ့သူတွေဟာ ငါးရံ့နှစ်ကောင် ဖမ်းချင်ကြတယ်တဲ့။ ဆိုလိုတာကတော့ ရသမျှ အကုန်လုံးကို လိုချင်နေတဲ့ လောဘစိတ်။ လက်နှစ်ဖက်လုံးထဲမှာလည်း လိုချင်သလောက် မနိုင်မနင်း သိမ်းကျုံးယူပြီးပြီ။ ရှေ့မှာ မြင်နေရတဲ့ အရာကိုလည်း “အဲဒါ ငါ့ဟာပဲနော်” လို့ လှမ်းပြောတဲ့ သူတွေဆီမှာ ရှိနေတဲ့ စိတ်အမျိုးအစား။
လှိုက်စားခံနေရသောစိတ်
- စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး အဆိုးဆုံးအန္တရာယ်ဟာ အတွင်းထဲအထိ စူးနစ်ရောက်ရှိနေတဲ့ စိတ်အဆင့်။ မူးယစ်ဆေးဝါးကို အသက်အသေခံပြီး စွဲသွားတဲ့ အဆင့်မျိုး။ မူးယစ်ဆေးဝါးရဖို့ အရေးကြီးဆုံးပဲ။ ဆေးဖိုးရဖို့ လူသတ်မယ်ဆိုတဲ့ နောက်ဆုံး အဆင့်ထိ စူးနစ် လှိုက်စား ရောက်ရှိသွားတဲ့ စိတ်အနေအထား။ (မိမိစိတ်ထဲမှာလည်း မှားယွင်းတဲ့ အယူအဆ တစ်ခုခုကို ပြန်နှုတ်ယူလို့မရတဲ့ အဆင့်ထိ လှိုက်စားနေတာမျိုး ရှိနေလားဆိုတာ အချိန်မီ စစ်ဆေးကြည့်ဦး!)
လှိုက်ဖိုနေသောစိတ်
- မမြင်ဖူးတာ၊ မကြုံဖူးတာတွေကို သိမြင်၊ တွေ့ကြုံလိုက်ရတဲ့အခါမျိုး၊ ဖြစ်ချင်နေတာတွေ စောင့်မျှော်နေတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်တဲ့ စိတ်အနေအထား။
လှိုက်လှဲပျူငှာသောစိတ်
- ကျေကျေနပ်နပ်၊ နွေးနွေးထွေးထွေး၊ ခင်ခင်မင်မင်၊ ရင်းရင်းနှီးနှီး၊ ပြုံးပြုံးချိုချို ကြိုဆိုဆက်ဆံတဲ့ အချိန်အခါမျိုးမှာ ဖြစ်ပေးရတဲ့ စိတ်အနေအထား။
လှောင်ပြောင်တတ်သောစိတ်
- သရော်တဲ့၊ အထင်သေးတဲ့၊ နှိမ့်ချလိုတဲ့ သဘောမျိုးနဲ့ ပြုလုပ်တဲ့အခါမျိုးမှာ အသုံးချတဲ့ စိတ်အမျိုးအစား။
လှိုင်းထနေသောစိတ်
- ဒေါသထွက်နေတဲ့အချိန်၊ စိတ်အလိုမကျတဲ့အချိန်၊ စိတ်မတည်မငြိမ် ဖြစ်နေတဲ့အချိန်တွေမှာ စိတ်တွေက လှိုင်းထသလို တလှပ်လှပ် လှုပ်ရှားနေတဲ့ စိတ်ပုံစံ။
လှစ်ခနဲ လှစ်ခနဲ ပြောင်းရွှေ့နေသောစိတ်
- မိမိစိတ်ကို စောင့်ကြည့် သိမှတ်နေတဲ့အချိန်မျိုးမှာ စက္ကန့်မလပ် တရစပ် အဆက်မပြတ် ဆက်တိုက် ပြောင်းရွှေ့နေတဲ့ စိတ်တွေဟာ သိလို့ရတာထက် ပိုပြီး မြန်နေတာကို ထပ်ဆင့်သိလိုက်တဲ့အခါမှာ ဒီခေါင်းစဉ်ရဲ့ စိတ်အနေအထားကို သဘောပေါက်သွားလိမ့်မယ်။
လှည့်ဖြားစိတ်
- ရိုးသားဖြောင့်မတ်မှု မပါဝင်တဲ့ လှည့်စားခြင်း၊ လှည့်ပတ်ခြင်း၊ လှည့်ဖြားခြင်းစိတ်တွေဟာ မိမိကိုယ်တိုင် အပါအ၀င် မိမိမိသားစု မိမိပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲမှာ မရှိသင့်တဲ့ စိတ်အမျိုးအစား။
လှန့်တတ်သောစိတ်
- နောက်ပြောင် ကျီစယ်တဲ့အနေအထားထက် ပိုလွန်ကဲသွားရင်တော့ စိုးရိမ်ရတဲ့ စိတ်အမျိုးအစားပဲ။ (ဥပမာ - ရာဘာနဲ့ လုပ်ထားတဲ့ မြွေအရုပ်ကို စချင်နောက်ချင်တဲ့သဘောမျိုးနဲ့ မြွေကြောက်တတ်တဲ့ သူရဲ့ရှေ့မှာ ချထားလိုက်ရင် အလန့်လွန်ပြီး သတိလစ်သွားလို့ ဆေးရုံ ပို့လိုက်ရတာတွေ ရှိတယ်။ အဲဒါဆိုရင်တော့ မိတ်ပျက်သွားတဲ့ အဆင့်ထိ ရောက်သွားတတ်တဲ့ စိတ်အမျိုးအစားပဲ။)