ခဲရာခဲဆစ်စိတ်
- ဘာပဲလုပ်လုပ် မလုပ်တတ်ရင် ခက်ခဲနေမှာပဲ။ ဖြစ်ချင်တဲ့ ဆန္ဒစိတ် အားနည်းနေရင် ဘာပဲလုပ်လုပ် ခက်ခဲနေမှာပဲ။
ခံစားနေသောစိတ်
- အာရုံခြောက်ပါးကြောင့် ဖြစ်ခွင့်ရတဲ့စိတ်တွေဟာ စိတ်ချင်းစိတ်ချင်း အထိအတွေ့ဖြစ်ပြီး ခံစားမှုအမျိုးမျိုးကို ဖြစ်စေတယ်။
ခံနိုင်ရည်မရှိသောစိတ်
- ဆင်းရဲဒုက္ခတွေ၊ ပြဿနာပေါင်းစုံတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ကြုံတွေ့နေရတဲ့အခါမှာ နောက်ထပ်ဒုက္ခတစ်ခု ထပ်ပြီး တွေ့ပြီ ဆိုရင်တော့ ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး။ (ခံနိုင်ရည်မရှိတဲ့စိတ်ကို မခံစားဘဲ စိတ်ကိုပြောင်းရွှေ့ သိကြည့်တဲ့နည်းနဲ့ ခံနိုင်ရည်ရှိတဲ့ စိတ်အဖြစ် ပြောင်းရွှေ့ တည်ဆောက်နိုင်ရင် ခံနိုင်စွမ်းရှိတဲ့ စိတ်အသစ်တစ်ခုကို ရမယ်။)
ခံပြင်းသောစိတ်
- အမှားတွေများနေတဲ့ အုပ်စုထဲမှာ အမှန်တရားကို လက်ကိုင်ထားသူတစ်ယောက်က အများစုမှားတဲ့အတိုင်း လိုက်မှား ပေးရမယ်လို့ ဇွတ်ကြီး အနိုင်ကျင့်နေရင် အနိုင်ကျင့်ခံရသူရဲ့ စိတ်အနေအထား။
ခံယူသောစိတ်
- မိမိတတ်မြောက်ချင်တဲ့ ပညာရပ်တစ်ခုကို အတိအကျ သင်ကြားပေးနေတဲ့ ဆရာရဲ့စေတနာကို သဘောပေါက်ပြီး ဆရာရဲ့ အပြောအဆို အားလုံးကို နာယူလက်ခံနေတဲ့ စိတ်အနေအထား။
ခံ့ညားသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ခိုကိုးရာမဲ့သောစိတ်
- ဘယ်ဟာမှန်သလဲ? ဘယ်ဟာမှားနေသလဲ? ဆိုတဲ့အဖြေကို ကိုယ်တိုင်လက်တွေ့ သိကျင့်နေသူရဲ့ ကိုယ်တွေ့ အမှန်သိကို အတိအကျ သိချင်ပေမယ့် အဲဒီအရည်အချင်းနဲ့ ပြည့်စုံတဲ့ဆရာကို မတွေ့သေးတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့စိတ်။
ခိုကတ်သောစိတ်
- မရှိလို့သာ လုပ်စားနေတာ။ လုပ်နေတဲ့အလုပ်ပေါ်မှာ စိတ်မ၀င်စားတဲ့လူမျိုး၊ အလုပ်မလုပ်ဘဲ ပိုက်ဆံအချောင်လိုချင်တဲ့ လူမျိုး၊ လူဝါးဝသွားတဲ့လူမျိုး၊ လူရည်လည်သွားတဲ့လူမျိုး၊ အလုပ်မလုပ်ချင်တဲ့ လူမျိုးတွေဆီမှာ ရှိနေတတ်တဲ့ စိတ်အမျိုးအစား။
ခိုလှုံသောစိတ်
- အမှားပေါင်းများစွာနဲ့ အတူတူနေနေရင်း ငါ့တော့မှားနေပြီဆိုတာ သိလာတယ်။ ဒါပေမယ့် ဘယ်ဟာက အမှန်လဲဆိုတာကို ထပ်မံ ရှာဖွေဖို့ လိုလာပြန်တယ်။ နောက်ဆုံးမှာ ခန္ဓာငါးပါးရဲ့သဘောကို တကယ်သိအောင် ကိုယ်တွေ့သိကြည့်! ဆိုတဲ့ သဘောတရားကိုပဲ အမှန်တရားအဖြစ် လက်ခံလိုက်ပြီး အဲဒီသဘောတရားအောက်မှာ စိတ်အသိကို ထားထားလိုက်တဲ့ စိတ်အနေအထား။
ခိုးကြောင်ခိုးဝှက်စိတ်
- တကယ်မသိဘဲနဲ့ သိဟန်ဆောင်တဲ့သူတွေ၊ တကယ်မရှိဘဲနဲ့ ရှိဟန်ဆောင်တဲ့သူတွေဟာ မိမိတကယ်မသိတာကို သူတစ်ပါး သိမှာစိုးလို့၊ မိမိမှာတကယ် မရှိတာကို သူတစ်ပါးသိမှာစိုးလို့၊ မိမိကိုယ်မိမိ ယုံကြည်မှုမရှိတာကို မိမိကိုယ်တိုင် မသိတော့ဘဲ ဘာပဲလုပ်လုပ် လူမသိအောင် ခိုးလုပ်တဲ့ စိတ်အဆင့်။
ခိုးချင်နေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ခက်ထန်မာကျောသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။