ထုတ်ဖော်အသုံးပြုစိတ်
- ဘာခံစားမှုမှမရှိတာ သေချာနေလို့ စိတ်ရဲ့ငြိမ်းအေးသက်သာမှုကို ဆက်တိုက်သိနေတဲ့အခါမှာ ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်စေတဲ့ အာရုံတစ်ခု ၀င်လာရင် ချက်ချင်းသိပြီး ၀င်လာတဲ့အာရုံနောက်ကို မျောပြီးပါမသွားအောင် သတိစိတ်ကို ချက်ချင်း ထုတ်ဖော် အသုံးပြုလိုက်တဲ့စိတ်။
ထိန်းကျောင်းသောစိတ်
- စည်းမရှိ၊ ကမ်းမရှိ ရောက်ချင်ရာရောက်နေတတ်တဲ့ စိတ်ကို ထိန်းကျောင်းစိတ်နဲ့ ထိန်းကျောင်းမယ်။
ထိန်းကွပ်စိတ်
- ပရမ်းပတာ လွင့်ချင်ရာလွင့်နေတတ်တဲ့စိတ်ကို ထိန်းကွပ်စိတ်နဲ့ ထိန်းကွပ်ရမယ်။
ထိန်းချုပ်စိတ်
- ကျူးလွန်ချင်တဲ့ အပြစ်တွေကို ကျူးလွန်ချင်တိုင်း ကျူးလွန်နေတတ်တဲ့စိတ်ကို ထိန်းချုပ်စိတ်နဲ့ ထိန်းချုပ်ရမယ်။
ထိန်းသိမ်းစိတ်
- ဖောက်ပြန်ချင်သလို စိတ်လွတ်ကိုယ်လွတ် ဖောက်ပြန်နေတတ်တဲ့စိတ်ကို ထိန်းသိမ်းစိတ်နဲ့ ထိန်းသိမ်းရမယ်။
ထိမ်းမရသိမ်းမရစိတ်
- စိတ်နဲ့ပတ်သက်တဲ့ အားထုတ်မှု အလေ့အကျင့် မရှိတဲ့သူတွေဟာ ကျူးလွန်ချင်တဲ့ ကာမဂုဏ်အာရုံကို ရုတ်တရက် တွေ့တဲ့အခါ၊ ရေငတ်လွန်းနေတဲ့သူက ရေကိုမြင်တဲ့အခါ၊ ထမင်းဆာလွန်းနေတဲ့သူက စားစရာကို မြင်တဲ့အခါ၊ ဘယ်သူမှ လာမတားနဲ့တော့၊ တားလို့လည်း ရမှာမဟုတ်တော့ဘူး။ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားတဲ့ ထိန်းချုပ်ခြင်း စိတ်ပညာမရှိတော့ ထိန်းမရ၊ သိမ်းမရ ဖြစ်ပြီး စိတ်ထဲရှိသမျှ အငမ်းမရ ဖြစ်မှာ သေချာနေတဲ့စိတ်။
ထပ်တလဲလဲစိတ်
- ကောင်းမှုဖြစ်စေမယ့် စိတ်တစ်ခုကို ထပ်တလဲလဲ အာရုံပြုမိနေရင် ကောင်းမှုဖြစ်တဲ့စိတ်က ခိုင်မြဲလာတယ်။ ကြိမ်ဖန်များစွာ အခါခါ ပြုလုပ်နေရင် စိတ်တစ်ခုဟာ အကျင့်စရိုက်အဖြစ် ပြောင်းရွှေ့သွားတတ်တဲ့ သဘာဝကြောင့် ထပ်တလဲလဲ စိတ်ကို မကောင်းမှုဘက်မှာ အကျင့်ဖြစ်သွားအောင် အသုံးမချမိပါစေနဲ့။
ထပ်ဆင့်ပွားစိတ်
- အထိန်းအချုပ်မရှိရင် အဆက်မပြတ် ထပ်ဆင့်ပွားပြီး မျောပါနေတတ်တာ စိတ်သဘာဝ။ ဥပမာ - ကကြီးအက္ခရာကနေ မင်းသမီးက၊ မင်းသမီးကနေရာက ဇာတ်ဆရာကားမှောက်ပြီး သေ၊ သင်္ချိုင်းက တစ်ဆင့်၊ သူငယ်ချင်းအသုဘမှာ ငယ်ရည်စားနဲ့တွေ့၊ ငယ်ရည်းစားကြောင့် လက်ရှိအိမ်ထောင်ဘက်နဲ့ စကားများ၊ လက်ရှိမိန်းမရဲ့အဒေါ်ကားတိုက်မှုဖြစ်၊ ကားတိုက်မှုကနေ ကားပွဲစားတန်းမှာ ဘောပင်ပျောက်တာ သတိရ၊ ဘောပင်ကို မွေးနေ့လက်ဆောင်ပေးတဲ့ သမီးဖြစ်သူ လင်နောက် လိုက်ပြေးလို့ ဒေါသထွက်၊ တောက်ခေါက်လိုက်တဲ့အသံကြောင့် လက်ရှိပစ္စုပ္ပန်ကို ပြန်ရောက်လာ။ ဒါတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် ထပ်ဆင့် ပွားခွင့်ရရင် ရသလောက် ထပ်ဆင့်ပွားတဲ့ စိတ်သဘာဝ။
ထပ်တူထပ်မျှစိတ်
- အိုအောင်မင်းအောင် ပေါင်းကြတဲ့ အိမ်ထောင်ဘက်တွေဟာ စိတ်ချင်းစိတ်ချင်း ထပ်တူထပ်မျှ ဖြစ်မှု ရာခိုင်နှုန်း များနေကြလို့ပဲ။ ငယ်ငယ်တည်းက သူငယ်ချင်းတစ်ယောက်ဟာ အသက်တွေကြီးလာတဲ့အထိ အခင်ဆုံးသူငယ်ချင်းအဖြစ် ဆက်လက် တည်ရှိနေတာဟာ စိတ်ချင်း စိတ်ချင်း ထပ်တူထပ်မျှ ဖြစ်မှု ရာခိုင်နှုန်းများခဲ့ကြလို့ပဲ။ သဘောထားချင်း ထပ်တူထပ်မျှ ရှိသူချင်း တစ်ယောက်နဲ့ တစ်ယောက် စိတ်တူ၊ အယူအဆတူ ဖြစ်နေတဲ့ စိတ်အမျိုးအစား။