ထစ်ခနဲစိတ်
- ဒီစိတ်အမျိုးအစားဟာ ဘယ်နေရာမှာ အသုံးတည့်မလဲ သိကြည့်မယ်။ ထစ်ခနဲဆို ဒေါသထွက်ပြီး ထရိုက်မယ်။ ဒါဆို ရဲစခန်း ရောက်မယ်။ ထစ်ခနဲဆို ငါမလုပ်တော့ဘူး ထွက်မယ်။ ဒါဆို အလုပ်ပြုတ်ပြီး စားဝတ်နေရေး အဆင်မပြေဘူး။ ထစ်ခနဲဆို စိတ်ကောက်မယ်။ ဒါဆို လူချစ်လူခင် နည်းသွားမယ်။ ထစ်ခနဲဆို အမေ့အိမ်ပြန်မယ်။ ဒါဆို လင်မယားကွဲနိုင်တဲ့ နိမိတ်ဆိုးပဲ။ ထစ်ခနဲဆို ပေးပြီးသားတွေ ပြန်တောင်းမယ်။ ဒါဆို သေရင် အခြေအနေမကောင်းနိုင်ဘူး။ (ထစ်ခနဲဆိုတဲ့ စိတ်အလျဉ်ရဲ့ လျင်မြန်မှုဟာ စဉ်းစားတွေးတော ချင့်ချိန်ဆင်ခြင်မှုတွေ မပါတဲ့အတွက် အမှားဖြစ်ဖို့ များနေတယ်။)
ထည်ဝါခန့်ညားသောစိတ်
- ခဏလေးသာဖြစ်ခွင့်ရှိတဲ့ စိတ်တွေကို စနစ်တကျနဲ့ အဆင့်အတန်းရှိအောင်၊ ဂုဏ်သိက္ခာရှိအောင် ထိန်းသိမ်းစောင့်ရှောက် တည်ဆောက်နိုင်ခဲ့လို့ ဒီခေါင်းစဉ်နဲ့ စိတ်နာမည်ကို ပတ်ဝန်းကျင်က အသိအမှတ်ပြုပေးလိုက်တဲ့ စိတ်အဆင့်။
ထိပ်တိုက်ရင်ဆိုင်စိတ်
- စိတ်ချင်း စိတ်ချင်း ငြိတဲ့နေရာမှာ အမှန်ကိုအမှားလို့ ယူဆနေတာ အမှားကို အမှန်လို့ လက်ခံနေတာမျိုး ရှိတတ်တယ်။ အဲဒါဆိုရင် ချက်ချင်း အဖြေရှာ၊ မှားနေတာတွေ အကုန်ရှင်းပစ်။ မှားနေမှန်း သိသာထင်ရှားနေတာတွေ ရှေ့မှာလာမပိတ်နဲ့။ အမှန်ဆိုတာ ဘာလဲလို့ သိနေပြီဆိုရင် ဘယ်လိုအမှားမျိုးကိုမှ လက်ခံမှာ မဟုတ်တော့ဘူး။ အဲဒီအခါမျိုးကျရင်လည်း အမှားက အမှန်ရှေ့မှာ ထိပ်တိုက် လာမနေရဲတော့ဘူး။ ရင်ဆိုင်ဖို့ဆိုတာ ဝေးသွားပြီ။ (တစ်ခါတလေ အလစ်ချောင်းပြီး ၀င်လာမှာကိုပဲ အမှန်စိတ်က သတိမလွတ်စေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အမှားဆိုတာ သူခိုး၊ လူဆိုး။ ပေါ်ပေါ်ထင်ထင် မနေရဲဘူး။ ပုန်းနေတတ်တယ်။ ဒီ အမှားသူခိုး အလစ်ဝင်ဖို့ချောင်းနေတတ်တာကို ကြိုတင်သိနေပြီး ၀င်လာရင် ထိပ်တိုက် ရင်ဆိုင်နိုင်တဲ့ စိတ်ကို ပြင်ဆင်ထား။)
ထိတ်ထိတ်ပျာပျာစိတ်
- ဖြစ်ချင်သလိုတွေ ဖြစ်နေတတ်တဲ့ သဘာဝလောကမှာ သဘာဝတရားတွေကို သဘောမပေါက်ဘဲ ဘာကိုမှ ကြိုတင် ပြင်ဆင်ထားတာမျိုး မရှိဘူးဆိုရင် ဖြစ်ချင်ရာတွေ အဆိုးရွားဆုံး အခြေအနေထိ ဖြစ်တဲ့အချိန်မျိုးမှာ ထိတ်ထိတ်ပျာပျာ ဖြစ်ပြီး သွေးပျက်သွားနိုင်တယ်။
ထိတ်လန့်သောစိတ်
- အပြစ်ကျူးလွန်ထားတဲ့သူတွေဟာ အချိန်ကို ကြောက်ရွံ့နေတတ်ကြတယ်။ ဘယ်အချိန်မှာများ ငါ့ကို စသဖြင့်။
ထုတ်ပယ်လိုက်သောစိတ်
- မိဘနဲ့သားသမီး၊ အိမ်ထောင်ဘက် လင်မယား၊ သူငယ်ချင်း မိတ်ဆွေ၊ စသဖြင့် လူ့အဖွဲ့အစည်းထဲမှာ လူလူချင်း တစ်ယောက်နဲ့တစ်ယောက် မမျှတမှု၊ ရက်စက်မှု၊ ညှာတာစာနာစိတ်မရှိမှု၊ တစ်ဖက်သတ် အနိုင်ကျင့်မှုတွေကို အချိန်ကြာမြင့်စွာ ခံနေရတဲ့သူက အပြစ်ကျူးလွန်သူကို စိတ်ထဲမှာ မရှိတော့အောင် ထုတ်ပယ်လိုက်တဲ့ စိတ်အမျိုးအစား။ စိတ်ကိုစောင့်ကြည့် သိမှတ်တဲ့ အားထုတ်မှုမှာလည်း မရှိသင့်တဲ့ ခံစားတပ်မက် ငြိတွယ်စွဲလမ်းစိတ်တွေကို ရာသက်ပန် ပြတ်စဲသွားအောင် အဆက်မပြတ် ထုတ်ပယ်နေရတယ်။ လူတွေရဲ့ အာရုံခြောက်ပါးတွေကြောင့် နေရာတိုင်းမှာရှိနေတဲ့ သာယာတပ်မက် စွဲလမ်းစရာ ကာမဂုဏ်အာရုံတွေက ဒုက္ခထဲကို ပုံစံအမျိုးမျိုးနဲ့ ဆွဲခေါ်နေတော့ ထုတ်ပယ်နိုင်မှပဲ သက်သာမှာ။ မရှိသင့်တဲ့ စိတ်မှန်သမျှ လုံးဝလက်ကျန်မရှိအောင် ထုတ်ပယ်နိုင်မှ သက်သာမှာ။ လက်ကျန်ရှိနေသေးရင် ထပ်ဆင့်ပွားတဲ့ ကူးစက်မှုအလျဉ်က ဗိုင်းရပ်(စ်) ပိုးထက် အဆပေါင်းများစွာ ကူးစက်တာမြန်တယ်။