ဒုန်းပြေးသောစိတ်
- “ အဝေးပြေးလမ်းမကြီးပေါ်မှာ ကားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မိလို့ သေကုန်ကြပြီ။ အဲဒီသေတဲ့လူတွေထဲမှာ ခင်ဗျား အမေကတော့ နေရာမှာတင် ပွဲချင်းပြီးပဲ ” အဲဒီအသံကို ကြားပြီးတည်းက အမေသေတဲ့ အဝေးပြေးလမ်းမကြီးဆီကို စိတ်က ရောက်သွားပြီ။ အမေ့ဆီရောက်အောင် မောင်းပို့နေတဲ့ကားအရှိန်က နှေးနေတယ်ထင်ပြီး မြန်မြန်မောင်းပေးစမ်းပါလို့ အော်ပြောတယ်။ ဒီထက်မြန်ရင်လည်း ခင်ဗျားအမေ ရှိတဲ့နေရာမရောက်ဘဲ ခင်ဗျားရော ကျုပ်ရော လမ်းတစ်ဝက်မှာတင် ခင်ဗျား အမေနောက် လိုက်သွားရလိမ့်မယ်လို့ ကားမောင်းနေသူက ပြန်အော်တယ်။ ဒါတွေဟာ စိတ်အလျဉ်တွေ ဒုန်းစိုင်းပြေးနေတာပဲ။ ကြားလိုက်တဲ့အသံတစ်ခုကြောင့် မမြင်ရသေးတဲ့နေရာဆီ ချက်ချင်းရောက်သွားတဲ့ ဒုန်းပြေးစိတ်အလျဉ်။
ဒုံရင်းစိတ်
- မူလနေရာကို ဖော်ပြတဲ့ စိတ်နာမည်။ စိတ်ကိုစောင့်ကြည့်သိမှတ်နေတဲ့ စိတ်အလုပ်လုပ်နေရင်း အကြောင်းတစ်ခုခုကြောင့် သိမှတ်နေတဲ့စိတ်က ရုတ်တရက် ပြောင်းရွှေ့သွားရင် မူလစပြီး သိမှတ်လို့ရအောင် သတ်မှတ်ထားတဲ့နေရာဆီ စိတ်အသိကို ပြန်ပို့လိုက်တယ်။
ဒုံးဝေးသောစိတ်
- အလွယ်တကူ နားလည်နိုင်တဲ့ ဥပမာတွေပေးပြီး နားလည်အောင်ပြောပေမယ့် ဘယ်လိုမှ နားမလည်နိုင်တဲ့ စိတ်အဆင့်။
(နားမလည်နိုင်ခြင်းဟာ ဒုက္ခထဲက လွတ်မြောက်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးစေတယ်။)
ဒွိဟစိတ်
- ဒီနည်းကို လက်ခံရမလား၊ ဟိုနည်းက ပိုကောင်းနေလား? ဆိုတဲ့ သံသယစိတ်ဟာ မိမိအတွက် သေချာတိကျတဲ့အဖြေကို မရစေဘူး။ ဒုက္ခထဲက လွတ်မြောက်အောင် ရုန်းထွက်နိုင်တဲ့ အဖြေမရှိတဲ့ သံသယစိတ်ဟာ သံသရာထဲမှာ ရေစုံမျောပြီး ပါနေဦးမှာပဲ။
ဒွန်တွဲစိတ်
- စိတ်တစ်ခုဟာ ဖြစ်ခွင့်ရလို့ ဖြစ်လိုက်တာနဲ့ ချက်ချင်းပျက်သွားတာကို ဒွန်တွဲပြီး သိနေတဲ့စိတ်။ ဖြစ်နေသမျှတွေအားလုံးဟာ ပျက်နေဦးမှာပဲဆိုတာ ဒွန်တွဲပြီး သိနေတဲ့စိတ်။ သိတာနဲ့ သတိရှိနေတာကို ဒွန်တွဲပြီး သိနေတဲ့စိတ်။ သိမှတ်နေတာတွေရော၊ သိမှတ်နေခြင်းကို သိနေတာတွေရော၊ နှစ်ခုလုံးမရှိတော့တာကိုရော၊ ဒွန်တွဲပြီး သိနေတဲ့စိတ်။

Next Chapter »