ဒေသန္တရဗဟုသုတစိတ်
- ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာက လူတွေအပါအ၀င် အရာအားလုံး အဖြစ်အပျက်အားလုံးကို စိတ်ဝင်စား ပေးပါ။ လေ့လာပေးပါ။ စုံစမ်းပါ။ သိချင်နေတာကို အဖြေထွက်တဲ့အထိ မေးခွန်းတွေမေးပါ။ မှတ်သားပါ။ မေးလွန်းအားကြီးလို့ ဖြေတဲ့သူက နောက်ထပ် မဖြေနိုင်တော့ဘူးဆိုရင် မိမိသိချင်တဲ့အဖြေကိုလည်း မရသေးဘူးဆိုရင် နောက်ထပ် ဖြေနိုင်တဲ့သူကို ရှာပြီး ထပ်မေးပါ။ မေးလို့ရသမျှ ဗဟုသုတတွေ၊ စာဖတ်လို့ရတဲ့ ဗဟုသုတအသိတွေနဲ့ တိုက်ကြည့်ပါ။ ကိုယ်တိုင် လက်တွေ့သိကြည့်ပါ။ သိကြည့်ရင်း သိကြည့်ရင်း ဒေသန္တရဗဟုသုတက တစ်ဆင့် ဒေသန္တရထဲက လူတွေရဲ့အကြောင်း၊ စိတ်တွေရဲ့အကြောင်း၊ ဒုက္ခတွေရဲ့အကြောင်း၊ အထောက်အထားအသစ်တွေနဲ့ ခိုင်ခိုင်လုံလုံ ထပ်တွေ့ပြန်တော့ မသေ မချင်း ရှာလို့မဆုံးနိုင်တဲ့ ဗဟုသုတစိတ်။
ဒေါသစိတ်
- စိတ်ရဲ့ ခက်ထန်ကြမ်းတမ်းခြင်း အဓိပ္ပာယ်။ ဒေါသူပုန်ထတာ၊ ဒေါကြီးမောကြီးဖြစ်တာ၊ ဒေါသပေါက်ကွဲတာတွေဟာ အာရုံခြောက်ပါးကတစ်ဆင့် အာရုံနဲ့စိတ်နဲ့ ထိတွေ့ပြီး စိတ်အဆင့်ဆင့် ပြောင်းရွှေ့သွားတယ်။ နောက်ဆုံးမှာ ကြမ်းတမ်းဆိုးရွားတဲ့ ခံစားမှုအဆင့်ကို ရောက်သွားတဲ့ စိတ်အခြေအနေ။
ဒိုးခနဲဒက်ခနဲစိတ်
- ဗဟုသုတရစေတဲ့ စာပေမျိုးစုံကို ဖတ်ပါ။ သိချင်တာ မှန်သမျှ ပြည့်ပြည့်စုံစုံ ကျွမ်းကျွမ်းကျင်ကျင် ဖြေနိုင်တဲ့သူကို ရှာပြီး မေးခွန်းတွေမေးပါ။ နားထောင်ခဲ့ရတဲ့ အဖြေတွေအားလုံးနဲ့ စာဖတ်လို့ရတဲ့ အသိတွေပေါ်မှာ အခြေခံပြီး မိမိမှာရှိပြီးသား အသိဉာဏ်နဲ့ ပူးပေါင်းပါ။ ကိုယ်တိုင်လက်တွေ့ အကောင်အထည်ဖော်ကြည့်ပါ။ ဒီလိုပုံစံမျိုးနဲ့ လက်တွေ့သိကျင့်နေရင် လေ့ကျင့်မှုအကြိမ်ပေါင်း များလာရင် များသလောက်၊ မိမိရဲ့ အသိဉာဏ် အားကောင်းလာမယ်။ မိမိတတ်သိနားလည်တဲ့ ဘာသာရပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ဘယ်သူကမေးမေး၊ ဘယ်လိုပုံစံနဲ့မေးမေး ချက်ချင်း ဒက်ခနဲ၊ ဒက်ခနဲ ဒိုးဒိုးဒေါက်ဒေါက် တောက်လျှောက် ဖြေနိုင်တဲ့ စိတ်အရည်အချင်း။
ဒိုးတူပေါင်ဖက်စိတ်
- သေလည်းအတူတူ၊ ရှင်လည်းအတူတူ၊ ခံလည်းအတူတူ၊ ခံစားလည်းအတူတူ၊ တစ်ယောက်နဲ့တစ်ယောက် သွေးသောက်။ သစ္စာဖောက်တာတွေ မရှိဘူး။ ညစ်ပတ်တာတွေ မရှိဘူး။ သာပေါင်းညာစားစိတ်တွေ မရှိဘူး။ ဒီလို ဒိုးတူပေါင်ဖက်စိတ်ရှိတာချင်း တူနေရင် အဖွဲ့အစည်းတစ်ခုမှာ လူတွေဘယ်လောက်များများ တစ်ယောက်တည်းမှာ ရှိတဲ့အတိုင်း အားလုံးရဲ့ စိတ်တွေဟာ တစ်သားတည်း ဖြစ်နေမှာ။
ဒုက္ခရောက်သောစိတ်
- ဒုက္ခဖြစ်စေတဲ့ အတွေးကို တွေးမိနေလို့ ဒုက္ခရောက်တာ။ ကာမဂုဏ်အာရုံနဲ့ ပတ်သက်တဲ့ ဒုက္ခတွေဟာ နေရာတိုင်းမှာ အခမဲ့ပေးနေတယ်။ အလကားရတာပဲဆိုပြီး ယူမိတဲ့သူဟာ ဒုက္ခရတာပဲ။ တစ်ယောက်ယောက်က သေတ္တာတစ်လုံးပေးလို့ မိမိယူမိရင် အဲဒီ သေတ္တာဟာ မိမိဆီရောက်လာတယ်။ သေတ္တာထဲမှာ ဒုက္ခတွေ အပြည့်ပါလာရင်တော့ သေတ္တာထဲက ဒုက္ခတွေအကုန်လုံးနဲ့ ထိပ်တိုက်တွေ့မှာပဲ။ လိုချင်တပ်မက်တာ ဆာလောင်တာပဲ။ ဆာလောင်တာ တဏှာ၊ တဏှာဆိုတာ လောဘ၊ လောဘဆိုတာ သမုဒယ၊ သမုဒယဆိုတာ ဒုက္ခဖြစ်စေတဲ့အကြောင်းပဲ။ သမုဒယ၊ လောဘ၊ တဏှာ၊ ဆာလောင် တာ၊ လိုချင်တပ်မက်တဲ့စိတ်ကို ထိန်းချုပ်နိုင်ခြင်း မရှိဘူးဆိုရင် မသေမချင်း ဒုက္ခတွေ တစ်ခုပြီးတစ်ခု၊ တစ်မျိုးပြီး တစ်မျိုး တွေ့နေမှာပဲဆိုတဲ့ စိတ်အဓိပ္ပာယ်။