ဒယီးဒယိုင်စိတ်
- ယိုင်နဲ့နေတဲ့၊ မတည်ငြိမ်တဲ့၊ တည့်မတ်ထူထောင်လို့မရဘဲ ဒယိမ်းဒယိုင် ဖြစ်နေတဲ့ စိတ်အခြေအနေ။
ဒရ၀မ်စိတ်
- အိမ်၊ ခြံ၊ ဂိုဒေါင်စတဲ့နေရာတွေမှာ လူဒရ၀မ် အစောင့်ချထားရင် ညရေးညတာ၊ မီးရေးမီးရာ၊ သူခိုး လူဆိုး အန္တရာယ်ကို စိတ်ချရတယ်။ စိတ်ဆိုတဲ့အရာဟာလည်း ဟိုပြေး ဒီပြေး၊ တောင်ပြေး မြောက်ပြေး၊ အရှေ့အနောက် ချာလပတ်လည်နေတော့ အသိနဲ့ သတိစိတ်ကို ဒရ၀မ်စိတ်အဖြစ် အစောင့်ချထားရင် စိတ်အစဉ်ရဲ့ ပျံ့လွင့်တဲ့ အန္တရာယ်ကို ကာကွယ်နိုင်တယ်။
ဒရောသောပါးစိတ်
- စည်းကမ်းနဲ့အညီ စနစ်တကျ အစီအစဉ် ဇယားချပြီး ကြိုတင်ပြင်ဆင်ထားတာမျိုး မရှိတော့ ဘာပဲလုပ်လုပ် ဒရောမျောပါး အလျင်အမြန် ဖြစ်နေတဲ့ စိတ်ဇော။
ဒလဟောစိတ်
- ရေအရှိန်၊ အသံအရှိန်၊ လေအရှိန်၊ အလင်းအရှိန် စတဲ့ အရှိန်အဟုန် ရှိသမျှ အားလုံးထက် အဆပေါင်းများစွာ မြန်တဲ့ စိတ်အလျဉ်တွေဟာ အဆက်မပြတ် ဆက်တိုက် ရွှေ့ပြောင်းနေတဲ့ စိတ်အလျဉ်။
ဒလန်စိတ်
- စင်ပြိုင်အဖွဲ့အစည်းတွေ၊ စီးပွားပြိုင်ဘက်တွေဟာ ယှဉ်ပြိုင်ဘက်တွေရဲ့ လျှို့ဝှက်ချက်တွေကို စုံစမ်းထောက်လှမ်းဖို့ စနစ်တကျ သင်ပေးထားတဲ့ သူ့လူကိုယ့်ဘက်သားရဲ့ စိတ်တာဝန်။
ဒါနကောင်းသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဒုစရိုက်များသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဒူပေနာပေခံစိတ်
- သာမန်လူတွေ မခံနိုင်တဲ့ဒုက္ခ အန္တရာယ်တွေကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်အမျိုးအစား။
ဒူးတိုက်ဆွေးနွေးစိတ်
- ရှင်းမရတဲ့ ပြဿနာတစ်ခုကို စားပွဲပေါ်တင်ပြီး မိသားစုစိတ်နဲ့ မျက်နှာစုံညီ ပြောမနာ ဆိုမနာ၊ ပွင့်ပွင့်လင်းလင်း၊ ရဲရဲတင်းတင်း၊ ရင်းရင်းနှီးနှီး၊ ပြတ်ပြတ်သားသား၊ ပြောဆိုဆွေးနွေး ညှိနှိုင်းကြတဲ့ စိတ်အမျိုးအစား။
ဒူးနေရာဒူး တော်နေရာတော်စိတ်
- ကိုယ့်နေရာကိုယ်နေ၊ ကိုယ်နဲ့မဆိုင်ရင် ၀င်မပါနဲ့ ဆိုတဲ့ လူ့စည်းကမ်းထဲက စိတ်စည်းကမ်း။ မိမိဂုဏ်သိက္ခာ၊ မိမိအရည်အချင်း၊ မိမိအသိဉာဏ်နဲ့ မိမိနဲ့သင့်တော်တဲ့နေရာမှာ မိမိအသိစိတ်နဲ့ မိမိနေရတဲ့ စိတ်စည်းကမ်း။
ဒူးနှန့်နေသောစိတ်
- အလုပ်တစ်ခုကို စတင်လုပ်တည်းက စနစ်တကျ ပြင်ဆင်ပြီးမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကုန်ထုတ်သုံးပြီး တည်ဆောက်ထားတာဆိုတော့ ထွက်ပေါ်လာမယ့်အဖြေကို လှည့်ကြည့်စရာမလိုဘဲ အပူအပင်ကင်းကင်းနဲ့ အေးအေးဆေးဆေးး ဒူးနှန့်နေရုံပဲ ဆိုတာ ဒီခေါင်းစဉ်နာမည်နဲ့ စိတ်ပဲ။
ဒေသစွဲစိတ်
- ငါမှငါ၊ နေရာတကာမှာ ငါ၊ ငါ ငါ ငါ ငါ . . . ငါ ငါ ငါ ငါ ငါဆိုတာကြီးကို စွဲနေတဲ့သူရဲ့ အကုန်လုံးကို စွဲနေတဲ့ စိတ်အနေအထား။