ဘက်ကန်စိတ်
- ဘ၀ရပ်တည်နိုင်အောင် ပညာသင်ပေးတဲ့ဆရာကို ဆရာမှန်းမသိတတ်တာ။ အေးအတူပူအမျှ ဒုက္ခခံပြီး အလုပ်တူတူ လုပ်ခဲ့တဲ့ သူကို အသိအမှတ်မပြုတော့တဲ့ စိတ်ဟာ တပည့်မပီသတဲ့ ဘက်ကန်စိတ်။ မိတ်ဆွေသူငယ်ချင်းကောင်း မပီသတဲ့ ဘက်ကန်စိတ်။
ဘက်ညီစိတ်
- သဘောထားအယူအဆချင်း၊ ယုံကြည်ချက်ချင်း တူညီတဲ့ ဆိုးတူကောင်းဘက် သေအတူ ရှင်အတူ ဘက်ညီစိတ်။
ဘက်လိုက်စိတ်
- အုပ်စုတွေထဲမှာ ဘယ်အုပ်စုက လူပိုများလဲ? မှားမှားမှန်မှန် အုပ်စုတောင့်တဲ့ဘက်မှာ ငါနေမယ်ဆိုတဲ့ များတဲ့ဘက်လိုက် တတ်တဲ့ စိတ်အနေအထား။ ပြဿနာတစ်စုံတစ်ခု တက်ပြီဆိုရင်လည်း စုံစမ်းမေးမြန်း စစ်ဆေးမှုမရှိဘဲ နောက်ခံ ကောင်းတဲ့လူ ဘက်ကိုသာ မှန်တယ်လို့ ဘက်လိုက် ဆုံးဖြတ်ပေးတဲ့စိတ်။
ဘောက်ကျစိတ်
- ဘောက်ဆတ်ဆတ်စိတ်မျိုးရှိတဲ့သူ၊ ဘုကလန့်ကျတဲ့သူ၊ ဘုကျတတ်တဲ့သူတွေရဲ့ ဆက်ဆံရေးအဆင်မပြေမှုဟာ လူ့အသိုင်း အ၀ိုင်းထဲမှာ လူချစ်လူခင်နည်းပြီး တစ်ယောက်တည်း အထီးကျန်ဖြစ်နေတတ်တယ်။
ဘောင်ခတ်စိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်တဲ့ လုပ်ငန်းစဉ်လုပ်နေတဲ့အချိန်မှာ သိစရာရှိတာတွေထဲက သိကိုသိရမယ့် အသိကို ရအောင် သိကြည့်မယ်။ သိလို့မရမချင်း သိမှတ်နေတဲ့ စိတ်အလုပ်ကို မရပ်ဘူး။ မဖြုတ်ဘူး။ မထွက်ဘူးလို့ မိမိစိတ်ကို မိမိအသိဉာဏ်နဲ့ ဆုံးဖြတ်ချည်နှောင် ဘောင်ခတ်လိုက်တဲ့ စိတ်အဓိဌာန်။
ဘောင်ဘင်ခတ်စိတ်
- မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ်တဲ့။ ရှိခဲ့ပြီးသား စကားတစ်ခုရဲ့ အဓိပ္ပာယ်နဲ့ တူညီတဲ့စိတ်အမျိုးအစား။ မိမိသိတာက နည်းနည်း။ ထင်ပေါ်ချင်လို့ အများကြီး သိသလိုလို ဟန်ဆောင်ကြွားဝါတာက များနေတဲ့ စိတ်အမျိုးအစား။
ဘိုင်ကျစိတ်
- ပိုက်ဆံမရှိရင် ဘိုင်ကျသူလို့ မြန်မာလူမျိုးတွေထဲက ပြောနေကျစကားအတိုင်း စိတ်အသိဉာဏ် ဆင်းရဲတာ၊ စိတ်အသိဉာဏ် မချမ်းသာတာ၊ စိတ်အသိဉာဏ် မပြည့်စုံတာဟာ ဘိုင်ကျတဲ့စိတ်ပဲ။
ဘုတ်ထိုင်းစိတ်
- ကျောင်းပညာရေးလောကမှာ ဘာသာစုံ စာမေးပွဲကျပြီး အဆင့်နောက်ဆုံးရောက်သူကို ကျောင်းသားချင်းယှဉ်ရင် ဉာဏ်ရည် မမီလို့ ဘုတ်ထိုင်းဆိုတဲ့ နာမည်ပေးကြတယ်။ စိတ်လောကမှာလည်း စိတ်ဉာဏ်ရည် အားနည်းတဲ့သူကို စိတ်ဘုတ်ထိုင်းသူလို့ သတ်မှတ်ရမှာပဲ။
ဘုန်းတန်းခိုးကြီးစိတ်
- ဘုန်းတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနဲ့ ပြည့်စုံတော်မူသောဆိုတဲ့ စကားအရ ဘုန်းတန်ခိုးကြီးတဲ့ စိတ်ပိုင်ရှင်ဟာ မြတ်စွာဘုရားရဲ့ စိတ်တော်ပဲ။
ဘယ်သူမပြုမိမိမှုစိတ်
- မိမိပြုလုပ်တဲ့ ကံ ကံရဲ့အကျိုးဟာ မိမိနဲ့ပဲဆိုင်တယ်။ စေတနာကောင်းရင် ကံကောင်းမယ်။ စေတနာညံ့ရင် ကံညံ့မယ်။
ဘယ်သူသေသေ ငတေမာစိတ်
- မင်းတို့ ဒုက္ခရောက်တာ၊ ငါရောက်တာမှ မဟုတ်တာ။ မင်းတို့ဆင်းရဲတာ၊ ငါဆင်းရဲတာမှ မဟုတ်တာ။ မင်းတို့တွေ ဘာပဲ ဖြစ်နေဖြစ်နေ ငါနဲ့မဆိုင်ဘူး။ ကမ္ဘာကြီးပျက်လို့ သေချင်တဲ့လူသေ ငါအသက်ရှင်ပြီး ချမ်းသာဖို့ပဲ အရေးကြီးတယ်ဆိုတဲ့ ငါတစ်ယောက်တည်း ကောင်းစားရေး အတ္တစိတ်။
ဘွာမခတ်ကြေးစိတ်
- စိန်မခေါ်ခင် စဉ်းစား! စိန်ခေါ်ပြီးမှတော့ ဘာ့ကြောင့်ပဲဖြစ်ဖြစ် ဘွာတေး! ယောင်လို့! ဆိုပြီး လာမပြောနဲ့။ အနိုင်အရှုံးအကွဲအလဲ အဖြေမထွက်မချင်း ပ၀ါမကူကြေး ရေမရှုကြေး။ ယှဉ်ပြိုင်သူကို စိန်ခေါ်စိတ်။