ဗယောက်ဗယက်စိတ်
- စိတ်အေးလက်အေး မဖြစ်သေးတဲ့အချိန်၊ စိတ်ချလက်ချ အနားမရသေးတဲ့အချိန်မှာ စိတ်လှုပ်ရှားစရာ အာရုံအပြင်းစား တစ်ခု ရုတ်တရက် ၀င်လာရင် လှုပ်သွားတဲ့ စိတ်အနေအထား။
ဗရုတ်သုတ်ခစိတ်
- ခေါင်းရှုပ်စရာ ကမောက်ကမ အဖြစ်အပျက်တွေနဲ့ စိတ်ထဲမှာ ဗရုတ်ဗရက် ဖြစ်နေရင် မသေသပ်တာတွေ၊ ခက်ခဲတာတွေ၊ ညစ်ပတ်တာတွေ၊ တန်ဖိုးမရှိတာတွေ၊ ရှုပ်ထွေးတာတွေနဲ့ ဗလုံးဗထွေးဖြစ်ပြီး ညံ့ဖျင်းတဲ့ ဗရုတ်သုတ်ခစိတ်အဆင့်မျိုး ဖြစ်နေမှာပဲ။
ဗရုန်းသုန်းကားစိတ်
- ကြောက်စရာ လန့်စရာအဖြစ်မျိုးနဲ့ ရုတ်တရက် ကြုံတွေ့တဲ့အခါမျိုးမှာ စနစ်တကျ ပြင်ဆင်ထားတဲ့ စိတ်အနေအထားမျိုး မရှိရင် စိတ်အစဉ်ဟာ ဗရုန်းဗရင်း ရှုပ်ထွေးပြီး ဗရုန်းသုန်းကား ကြောက်ရွံ့ထိတ်လန့်သွားတဲ့ စိတ်အနေအထား။
ဗရွတ်ရွှတ်တစိတ်
- စကားမရှိ၊ စကားကို ရှာကြံပြီး အဓိပ္ပာယ်ရှိတာတွေရော၊ မရှိတာတွေရော၊ ကြုံသလိုပြောတတ် ဆိုတတ်၊ နောက်တတ်၊ ပြောင်တတ်၊ အစသန်တတ်သူတွေရဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြစ်နေတဲ့ စိတ်အနေအထား။
ဗလာစိတ်
- ဘာမှမရှိတဲ့စိတ်။ (စိတ်ကိုစောင့်ကြည့်သိမှတ်မှု လေ့ကျင့်ခန်းတွေထဲမှာ သိရုံလေးသိနေတာက လွဲရင် ဘာမှမရှိတဲ့ စိတ်အနေအထားမျိုး ဖြစ်နေတာကို သိလို့ရတဲ့အဆင့်ထိ သိကြည့်နေတဲ့ လေ့ကျင့်ခန်းမျိုးထဲက စိတ်အနေအထားတစ်ခု။)
ဗလောင်ဆူစိတ်
- ဒုက္ခအကြီးစား သောကအပြင်းစားတွေနဲ့ စိတ်ဆင်းရဲမှုမျိုးစုံကို ခံစားနေရတဲ့ သူရဲ့စိတ်ထဲမှာတော့ စိတ်ခံစားမှုမျိုးနဲ့ ဗလောင်ဆူနေတယ်။
ဗလောင်းဗလဲစိတ်
- မရိုးမသား၊ ညစ်တီးညစ်ပတ်စိတ်နဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး စိတ်အပြောင်းအလဲမြန်သူရဲ့ ဉာဏ်နီဉာဏ်နက် အကြံအဖန်စိတ်။
ဗဟုသုတစိတ်
- ဗဟုသုတရစေတဲ့ စာအုပ်ပေါင်းများစွာထဲက ဖတ်ခဲ့သမျှ စာကြောင်းစာပိုဒ် စာတို စာရှည်တွေကို မိမိကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင် သုံးသပ်ထားတဲ့ အတွေ့အကြုံနဲ့ တွေ့သမျှ လူတွေပြောသမျှ နားထောင်ခဲ့ရတဲ့ စကားလုံးပေါင်းများစွာကို မိမိကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ထားတဲ့ အတွေ့အကြုံ၊ နှစ်ခုအပေါ်မှာ အခြေခံပြီး မိမိကိုယ်တိုင် လက်တွေ့သိကျင့်အားထုတ်လို့ရတဲ့ စိတ်အသိဗဟုသုတ အတွေ့အကြုံတွေဟာ ရှာဖွေရင် ရှာဖွေနိုင်သလောက် မိမိဗဟုသုတဉာဏ်ကို ရင့်သန်တိုးပွားစေတယ်။
ဗာဟီရစိတ်
- မိမိကိစ္စ၊ မိသားစုကိစ္စ၊ သူတစ်ပါးကိစ္စ၊ လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ ဟိုကိစ္စ၊ ဒီကိစ္စ၊ ကိစ္စတွေများနေတဲ့စိတ်။ စဉ်းစားတွေးတောနေတဲ့ကိစ္စတွေရဲ့ အတွေးအမျှင်မပြတ်သေးခင် နောက်ထပ်တွေးစရာတွေကို ထပ်ဆင့်လက်ခံပြီး၊ ထပ်ဆင့်ပွားတွေးရင်း စိတ်ကိုငြိမ်အောင် စုစည်းလို့ မရတော့တဲ့ စိတ်အနေအထား။ အာရုံလာသမျှ အကုန်လုံးလက်ခံပြီး စိတ်ကို အလုပ်ရှုပ်ခံနေတဲ့သူဟာ သေခြင်းတရား ရုတ်တရက် ရောက်လာရင် ဘယ်လိုလုပ်မလဲ? ပျာယာခတ်ပြီး တုန်လှုပ်ချောက်ချားနေရင်တော့ အကြိမ်ပေါင်းများစွာ နာခဲ့ရတဲ့ တရားတော်တွေရဲ့ အနှစ်သာရတွေကို အားနာဖို့ကောင်းတယ်နော်။ တရားအစစ်တွေနာပြီး၊ နာတဲ့အတိုင်း သိပြီး၊ သိတဲ့အတိုင်း အားထုတ်ပါ။ ဗာဟီရတွေကို ရှင်းထုတ်ပစ်လိုက်ပါ။