အသုံးဝင်သောစိတ်
- ပီပြင်တဲ့ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် အလုပ်ထဲမှာ အသုံးဝင်မယ့်စိတ်ကို အရင်ဆုံးရွေးပြီး အသုံးတည့်တဲ့စိတ် အစီအစဉ်တွေနဲ့ အံဝင်ဂွင်ကျဖြစ်အောင် အသုံးပြုတတ်တဲ့ စိတ်ရှိဖို့လိုသလို၊ အသုံးချတတ်တဲ့ စိတ်တွေပါ ရှိနေရင်၊ အဲဒီစိတ်ဟာ အသုံးကျတဲ့စိတ်ပဲ။ လုပ်နေတဲ့ အလုပ်ထဲမှာလည်း ကြာကြာ အသုံးခံတဲ့စိတ်ပဲ။ အသုံးမကျတဲ့စိတ်ကို အသုံးမပြုဘဲ ပစ်ထားရင်တော့ ကြာလေ စိတ်ချေး(ဂျီး)တက်ပြီး ဘယ်နေရာမှာမှ အသုံးဝင်တဲ့စိတ် ဖြစ်မှာမဟုတ်တော့ဘူး။
အဟောင်းကို အသစ်ဖြစ်အောင် အသုံးပြုတဲ့စိတ်
- လူနဲ့ လူတွေကြားထဲမှာ ခန္ဓာကိုယ်ကို မှီပြီး ဖြစ်ခွင့်ရနေတဲ့ စိတ်စေတသိက်တွေရဲ့ သီအိုရီ အဟောင်းတွေ ကြားထဲမှာပဲ ချာလပတ်လည်ပြီး ဒုက္ခပေးနေတဲ့ စိတ်တွေကို အသိသစ်နဲ့သာ ထိန်းချုပ်ပေးလို့ရမှာပဲ။
(အသိသစ်ဆိုတာကလည်း ချက်ချင်း ဟောင်းသွားလို့ အဟောင်းထဲက အသိသစ်တွေ အဆက်မပြတ် ထုတ်သုံးနိုင်ဖို့ သတိစိတ်နဲ့ အားဖြည့်ပါ။)
အဟန့်အတားဖြစ်နေသောစိတ်
- (ဖြစ်သင့်တာ ဘာလဲဆိုတဲ့အဖြေကို မိမိကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်ရင် အဖြေကထွက်နေပြီ။)
မိမိစိတ်ကို မိမိ စီမံခန့်ခွဲ ထိန်းချုပ်တဲ့ အသိဉာဏ် မရှိတဲ့အခါမှာ ဘာပဲလုပ်လုပ် မြှောက်ပေးတတ်တဲ့ လှုံ့ဆော်စိတ်က လုပ်ချင်တဲ့ဘက်ကိုရော၊ မလုပ်ချင်တဲ့ဘက်ကိုရော၊ နှစ်ဖက်လုံးကို တိုက်တွန်းနေတတ်တော့ မိမိစိတ်က မိမိစိတ်ကို နှောင့်ယှက် ဟန့်တားနေတဲ့ သဘောဖြစ်သွားတဲ့ စိတ်အနေအထား။
အာကရံပါကရံစိတ်
- တန်ဖိုးရှိတဲ့ စိတ်အရည်အသွေးမပါဘဲ၊ အညံ့စား၊ အပေါစား စိတ်အမျိုးအစားပေါင်းစုံ ရောနှောနေလို့ မည်မည်ရရ၊ ခံ့ခံ့ထည်ထည် မဖြစ်ဘဲ အဆင့်နိမ့်တဲ့ စိတ်အမျိုးအစား။
အာခံတတ်သောစိတ်
- အမိန့်ဥပဒေ၊ စည်းကမ်းစတာတွေကို လေးစားလိုက်နာဖို့ ငြင်းဆန်တတ်တဲ့ စိတ်အမျိုးအစား။
အာဂသတ္တိစိတ်
- သတ္တိရှိတယ် ဆိုတာထက် အံ့သြစရာကောင်းလောက်အောင် အဆပေါင်းများစွာ သာပြီး သေစရာရှိရင်တောင် သေရဲတဲ့အဆင့် ရောက်သွားတဲ့ အာဂသတ္တိစိတ်။
အာဃာတထားတတ်သောစိတ်
- ဒေါသစိတ်ကနေ ထပ်ဆင့်ပွားလာတဲ့ စိတ်အဆင့်။ သာမန်လူတွေကြားမှာ ထွက်လေ့ရှိတဲ့ ဒေါသမျိုးက အချိန်ကြာလာရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်တယ်။ အော်ဟစ်ဆဲဆိုလို့ အားမရရင် အနားမှာရှိတဲ့ တစ်ခုခုနဲ့ ကောက်ရိုက်တဲ့အဆင့်က ဒေါသရဲ့ အရှိန်အကုန်ပဲ။ အာဃာတအဆင့်ထိ ရောက်လာတာကတော့ ဒေါသဖြစ်ခဲ့တဲ့အကြောင်းကို အမြဲတမ်းလိုလို သတိရနေပြီး စိတ်ထဲက ဒေါသအနေအထားကနေ အငြိုးအတေးထားတဲ့အထိ ရန်ငြိုးဖွဲ့တဲ့ စိတ်အဆင့်။
အာစက်လျှာစက်ထက်သောစိတ်
- မိမိရဲ့အသိဉာဏ် ထက်မြက်မှု အရည်အချင်းကြောင့် မိမိပြောလိုက်တဲ့စကား ကတိတစ်လုံးဟာ တစ်ဖက်သားအတွက် တည်တံ့ ခိုင်မြဲစေပြီး ယုံကြည်စိတ်ချမှုကိုပါ ဖြစ်သွားစေတဲ့ စိတ်အစွမ်း။
အာဇာနည်စိတ်
- နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ကိုယ်ကျိုးစွန့် အနစ်နာခံ တိုက်ပွဲဝင်တဲ့ သူရဲကောင်းတွေရဲ့ စိတ်အမျိုးအစား။
အာပေါင်အာရင်းသန်သောစိတ်
- တချို့လူတွေက ပြောသလိုလုပ်တယ်။ လုပ်သလိုပြောတယ်။ တချို့လူတွေကျတော့ ကြီးကျယ်တဲ့စကားလုံးကို ရွေးပြီး လူကြားကောင်းအောင် အော်ဟစ်ပြောတယ်။ ဒါပေမယ့် ပြောသလောက် မလုပ်ဘူး။ မလုပ်ပြဘူး။ မလုပ်နိုင်ဘူး။ ဒီခေါင်းစဉ်နာမည် အဓိပ္ပာယ်နဲ့ လိုက်ဖက်တဲ့ စိတ်အမျိုးအစားအတိုင်း လက်တွေ့ လုပ်မယ်ဆိုရင်တော့ ရလာမယ့် ရလဒ်က အားရပါးရ ရှိမယ့်စိတ်ပဲ။
အာမခံချက်ရှိသောစိတ်
- သူ့လောက်အာမခံချက် ပေးနိုင်တဲ့သူတောင် သူ့လောက်အာမခံချက် မပေးနိုင်ဘူးဆိုတဲ့ လူတွေထဲမှာ ပြောလေ့ရှိတဲ့ စကားလို သူလုပ်တဲ့အလုပ်ဆိုရင် သေချာတယ်။ စိတ်ချရတယ်ဆိုတဲ့ စိတ်အမျိုးအစား။