အလှည့်အပတ်ကျွမ်းကျင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အလှမ်းမမီသောစိတ်
- စိတ်အကြောင်းကို စတင်လေ့လာသူတွေအတွက် ခန္ဓာကိုယ်ကို မှီပြီး ဖြစ်နေရတဲ့စိတ်။ စိတ်ကိုမှီပြီး ဖြစ်ရတဲ့စေတသိက်တွေရဲ့ သဘာဝတရားတွေ၊ စိတ်ကိုမှီပြီး ဖြစ်နေရတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝသဘောတရားတွေဟာ စာဖတ်ရုံနဲ့ နားမလည်နိုင်ဘူး။ သူများပြောတာကို နားထောင်ရုံနဲ့လည်း သဘောမပေါက်နိုင်ဘူး။ တကယ်လက်တွေ့ သိကျင့်ကြည့်တဲ့အခါမှာလည်း စူးစိုက်မှု စွမ်းအားနည်းနေရင်၊ စနစ်မကျရင်၊ နည်းလမ်းမမှန်ရင်၊ ခက်ခဲပြီး မလုပ်ဖြစ်တော့ဘူး။ ဒါကြောင့်လည်း ‘မရှိတာထက် မသိတာခက်၊ မသိတာထက် မလုပ်တာခက်’ ဆိုတဲ့ စကားတွေ ပေါ်ထွက်လာပြီး သိစရာကိုသိဖို့ အလှမ်းမမီတာတွေ ဖြစ်လာတယ်။ (ဒါပေမယ့် သိချင်တဲ့ စိတ်ဆန္ဒပြင်းထန်မှုနဲ့၊ သိစရာတွေကို စနစ်တကျ သိအောင်လုပ်နေရင်တော့ သိဖို့လွယ်လာမှာပါ။)
အလျှော့ပေးလိုက်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အလျှိုအလျှိုထွက်လာသောစိတ်
- စိတ်လေ့ကျင့်ခန်းကို အားထုတ်တဲ့သူတိုင်း လက်တွေ့သိခွင့်ရတဲ့ စိတ်အမျိုးအစားပါပဲ။ စကားအဖြစ် ပြောပြရတာခက်တဲ့ စိတ်ဖြစ်စဉ်တွေဟာ လက်တွေ့သိကြည့်တော့မှ သူ့ဟာသူ အလိုလို သဘောပေါက်တဲ့ အသိဉာဏ်အသစ်တွေ ပေါ်လာတဲ့ စိတ်အမျိုးအစား။ (ဥပမာ - စိတ်ဆိုတာ မြန်တယ်လို့ သာမန်သိထားတဲ့သူအနေနဲ့ တကယ်လက်တွေ့သိကြည့်တဲ့အခါမှာ ထင်ထားတာထက် အဆပေါင်းများစွာ မြန်နေတာကို သိလို့ရလာတယ်။ ဒါဟာ သူ့ဟာသူ အလိုလို အလျှိုအလျှို ထပ်သိလာတဲ့ စိတ်အသိဉာဏ်။)
အဝေဖန်ခံနိုင်သောစိတ်
- လူတိုင်းမှာ ရှိသင့်တဲ့ စိတ်အမျိုးအစားပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူဖြစ်နေတဲ့အတွက် မှားတတ်တယ်။ မိမိမှားနေတာကို မိမိ ပြန်သိဖို့ဆိုတာ တစ်ခါတလေ ခက်နေတတ်ပါတယ်။ ဒီဟာလေးက မှားနေလား မသိဘူး၊ ပြန်စဉ်းစား ကြည့်ပါဦးလို့ ဘေးကနေ ထောက်ပြ ဝေဖန်ပေးတဲ့လူ ရှိသင့်တယ်။ ဝေဖန်တာကို ခံနိုင်တဲ့လူဟာ ဝေဖန်တာကို ချင့်ချိန် နားထောင်ပြီး ပြုပြင်သင့်တာကို ပြုပြင်ရင်း ပြုပြင်ရင်း အကောင်းဆုံး စိတ်အဆင့် ပိုင်ရှင် ဖြစ်သွားမှာ သေချာတယ်။
အသနားခံနေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အသရေဖျက်တတ်သောစိတ်
- မိမိထက်သာရင် မနာလိုတတ်တဲ့သူတွေ၊ သူတစ်ပါး မရစေချင်လို့ ၀န်တိုတတ်တဲ့သူတွေ လုပ်လေ့လုပ်ထရှိတဲ့ အဆင့်နိမ့် စိတ်အမျိုးအစား။
အသာတကြည်စိတ်
- တုံ့ပြန်လှုပ်ရှားမှုတွေ မရှိဘဲ၊ မိမိရဲ့စိတ်အနေအထား အေးရာအေးကြောင်း၊ သက်သက်သာသာလေး ဖြစ်နေတဲ့ စိတ်အနေအထား။
အသာပေးလိုက်သောစိတ်
- တစ်ဖက်က အရမ်းနိုင်ချင်နေတဲ့ သဘောမျိုးဖြစ်နေပြီ။ မိမိဘက်က အသာပေးလိုက်လို့လည်း ဆုံးရှုံးနစ်နာစရာ ကြီးကြီးမားမား မရှိနိုင်ဘူး ဆိုတဲ့ အခြေအနေမျိုးမှာ ပြဿနာမဟုတ်ဘဲ ပြဿနာဖြစ်သွားမှာစိုးလို့ လျှော့ပေးလိုက်သူရဲ့ အန္တရာယ်ကင်းစိတ်။
အသားကြီးသောစိတ်
- အောင်မြင်ကျော်ကြားသူ တစ်ယောက်အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊ အလုပ်သဘောအရဖြစ်စေ၊ ကျေးလက် တောရွာ တစ်ခုခုကို ရောက်သွားတဲ့အခါမျိုးမှာ လာရောက်အားပေးသူ ပရိသတ်ကို မတူသလို၊ မတန်သလို၊ ပြောဆိုဆက်ဆံမိရင် ကျေးလက်တောရွာက မိမိကို သတ်မှတ်ပေးလိုက်တဲ့ လက်ဆောင်တစ်ခုကတော့. . . .
“ ငါတို့တွေကတော့ သူ့ကြိုက်လို့ ဟိုးအဝေးကြီးကလာပြီး အားပေးတာကို သူက လူစော်နံသလေး ဘာလေးနဲ့! လွှတ် အသားကြီးသဟေ့ လာ ပြန်ကြမယ် ကြည့်မနေနဲ့” ဟူသတဲ့။ (မှတ်ချက် - မာနကြီးတယ်လို့ စွပ်စွဲတဲ့စိတ်။)
အသားပေးသောစိတ်
- မိမိနဲ့ အဆင်ပြေသူကို သူတစ်ပါးထက်ပိုပြီး အခွင့်အရေးပေးတဲ့ စိတ်အမျိုးအစား။
အသားယူသောစိတ်
- ရရှိတဲ့ အခွင့်အရေးလေးတစ်ခုကို လူအများသိအောင် ကြွားပြနေတဲ့စိတ်။ (အမှတ်ပိုယူပြနေတဲ့ စိတ်အနေအထား။)
အသားသေသွားသောစိတ်
- ပြုပြင်ပေးမယ့်သူ မရှိတော့ မှန်တယ်ထင်ပြီး ဘ၀တစ်လျှောက်လုံး လုပ်ခဲ့တဲ့အမှားကြီးက ခေါက်ရိုးကျိုးပြီးပြင်ဖို့ ခက်နေတဲ့ စိတ်အမျိုးအစား။