အကျော်အမော်ဖြစ်ချင်သောစိတ်
- ဒီစိတ်မျိုးကတော့ လူတစ်ရာမှာ တစ်ရာ့သုံးယောက်က ဖြစ်ချင်နေကြတဲ့ စိတ်အမျိုးအစားပဲ။ (မှတ်ချက် - ကိုယ်ဝန်ဆောင် မိခင်လောင်းသုံးယောက် ပါဝင်နေပါတယ်။) ဖြစ်ချင်တဲ့စိတ်ဆိုတာ ပိုက်ဆံမပေးရတော့ လူတိုင်းဖြစ်ချင်ကြတာ သဘာဝကျ ပါတယ်။ တကယ်ဖြစ်ချင်ရင်တော့ အကျော်အမော် ဖြစ်နိုင်တဲ့နည်းကို အကျော်အမော်ဖြစ်ချင်သူက တွေ့အောင် ရှာရမယ်။ တွေ့ပြီဆိုပါစို့။ ဖြစ်နိုင်တဲ့နည်းကို အသုံးချပြီး လက်တွေ့အသုံးချပါ။ ဖြစ်ချင်တာဖြစ်ဖို့ ရာခိုင်နှုန်းအပြည့် ကြိုးစားပါ။ (တောင်ထိပ်ရောက်ချင်တာ တောင်အောက်က မော့ကြည့်နေရုံပဲဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ မရောက်နိုင်ဘူး။ တောင်တက်ရတဲ့ အရင်းအနှီးကိုတော့ မိမိကိုယ်တိုင် စိုက်ထုတ်မြှုပ်နှံမှသာ တောင်ထိပ်ရောက်မယ်။)
အကျိုးပြုချင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အကျိုးသင့် အကြောင်းသင့် မျှတစွာတွေးတော စီစဉ်တတ်သောစိတ်။
- အမှားမကင်းတဲ့ လူသားတွေရဲ့ သဘာဝကို သဘောပေါက်ပြီး ချိန်ခွင်လျှာ ဘယ်ဘက်မှ မယိမ်းမယိုင် မစောင်းရွဲ့ပဲ အလယ်မှာသာ စီစဉ်ဆုံးဖြတ်ပေးတဲ့ အဆင့်မြင့် တရားသူကြီးရဲ့ စိတ်အဆင့်။
အကျိုးအမြတ် မတွက်သောစိတ်
- လူသားတွေအတွက် အကျိုးရှိတဲ့အလုပ်ဆိုတာ သေချာနေရင် လုပ်သင့်တယ်၊ မလုပ်သင့်ဘူး၊ စဉ်းစား မနေတော့ဘူး။ သေချင် သေပါစေ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ စိတ်အမျိုးအစား။
အကျောက်အကန်ငြင်းသောစိတ်
- ဒုက္ခရဲ့အကြောင်းကို ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း သဘောပေါက်ပြီး ကိုယ်တွေ့ကြုံဖူးတဲ့သူတွေဆိုရင် နောက်ထပ် ဒုက္ခဖြစ်စေမယ့် ကိစ္စတွေကို ကျူးလွန်မိမှာ ကြောက်နေတဲ့စိတ်။
အကျင့်ကောင်းသောစိတ်
- မကောင်းတဲ့ အကျင့်စရိုက်မှန်သမျှ ဖယ်ရှားပြီး အသိနဲ့သတိစိတ်ကို အားကောင်းတဲ့ အကျင့်စရိုက်ဖြစ်အောင် ထပ်တလဲလဲ အားထုတ်နိုင်ရင် . . . .
အကျင့်ပါသွားသောစိတ်
- လူမှန်ရင် မွေးခါစတုန်းက ဘယ်လိုအကျင့်မျိုးမှ ပါမလာကြပါဘူး။ ကြီးပြင်းခဲ့တဲ့ မိသားစုရဲ့ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးစကားလို တစ်စုံတစ်ရာကို အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ လုပ်ရင်းလုပ်ရင်း အကျင့်ပါသွားတဲ့ စိတ်တစ်ခု ရရှိသွားတာပါပဲ။ ကိုယ်ခံသိုင်းပညာကို လေ့ကျင့်ရင်း ကျွမ်းကျင်အဆင့်တစ်ကို ရောက်ရှိ သွားတဲ့သူဟာ သူ့အနားမှာ လှုပ်လှုပ်ရှားရှား တစ်စုံတစ်ရာဖြစ်သွားတာနဲ့ သူ့လက်ခြေ ခန္ဓာကိုယ်အနေအထားဟာ အန္တရာယ်ကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်သွားသလိုမျိုး။ မော်တော်ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ ဆိုရင်လည်း ကားရှေ့မှာ တစ်စုံတစ်ခု ဖြတ်သွားတာနဲ့ ဘရိတ်ကို ခြေထောက်က နင်းပြီးသားဖြစ်သွားလို့ အန္တရာယ်ကို ကာကွယ်နိုင်ခဲ့တာမျိုးဟာ ကားမောင်းခြင်းပညာရပ်ကို အကျင့်ပါသွားတဲ့အထိ ကျွမ်းကျင်သွားလို့ပါပဲ။ အကျင့်ဆိုတဲ့ စိတ်တစ်ခုဟာ အကျင့်ပါသွားတဲ့အဆင့်ကို ရောက်သွားရင် တစ်ခါတလေ မိမိကမလှုပ်ရှားဘဲ အကျင့်စိတ်က သူ့ဟာသူ အကျင့်ပါပြီး လုပ်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ မိမိစိတ်ထဲကို ကြားဖြတ်စိတ်တွေ ၀င်မလာအောင် ဖယ်ရှားတဲ့နေရာမှာ သတိစိတ်ကို အကျင့်စရိုက် ဖြစ်သွားတဲ့အထိ ထပ်တလဲလဲ လေ့ကျင့်ထားသင့်တယ်။ သတိမလွတ်အောင် လေ့ကျင့်ထားတဲ့ အကျင့်သတိစိတ်ဟာ စိတ်ကိုစောင့်ကြည့်သိမှတ်တဲ့ စိတ်အလုပ်မှာ ပံ့ပိုးမှု အကောင်းဆုံး စိတ်ခွန်အားပဲ။ သတိစိတ်ကို သတိထားပြီး လေ့ကျင့်ရာကနေ သဘာဝစိတ်တစ်ခု ဖြစ်သွားအောင် အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ လေ့ကျင့်ကြည့်ရင် သတိစိတ်က အကျင့်ပါသွားတဲ့အဆင့်ထိ ရောက်သွားတဲ့ စိတ်အဆင့်။