အတွေးလွန်နေသောစိတ်
- အတွေးတွေးတာ ပိုက်ဆံပေးစရာမလိုဘူး။ ပြီးတော့ မိမိတွေးနေတာ ဘယ်သူမှလည်း မသိနိုင်ဘူး။ မိမိရဲ့အတွေးက ငရဲကြီးတယ်၊ မကြီးဘူးဆိုတာ နောက်မှဖြစ်မှာ။ လောလောဆယ် ငါတွေးချင်သလို တွေးမယ်၊ ခံစားမယ်။ တွေးရတာ ပိုကောင်းအောင် မူးယစ်ဆေးဝါးလေးပါ ကူလိုက်ရင် ပိုကောင်းမယ်။ ဆေးခြောက်က တွေးလို့ပိုကောင်းတယ် စသဖြင့်။ အထိန်းအကွပ်မရှိ လုပ်ချင်ရာ လျှောက်လုပ်ပြီး တွေးနေရင်၊ တွေးရင်း တွေးရင်းနဲ့ မိမိဘာကို တွေးနေတာလဲဆိုတာ အစပြန်ဖော်လို့ မရတော့ဘဲ ရူးသွားတတ်တယ်။ အတွေးလွန်တာ ရူးသွားခြင်းရဲ့ လက္ခဏာတစ်ခုပဲ။
အတွေးအခေါ်ကောင်းသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အတွက်အချက်ကျွမ်းကျင်သောစိတ်
- အောင်မြင်တဲ့ စီးပွားရေးသမားတွေဆီမှာ ရှိကိုရှိနေတဲ့ စိတ်အဆင့်။
အတွင်းရန်သူစိတ်
- မိမိကို စိတ်ဆင်းရဲအောင် လုပ်နေတာ မိမိရဲ့စိတ်ပဲ။ မိမိကို နာလန်မထူနိုင်အောင် တွန်းချလိုက်တာ မိမိရဲ့စိတ်ပဲ။ အဲဒီ ရန်သူဟာ အာရုံခြောက်ပါးကြောင့် ဖြစ်လာတဲ့ စိတ်ကို မှီပြီး စေတသိက်အဖြစ် အားဖြည့်ပါဝင်လာတဲ့ မိမိစိတ်ထဲက မိမိသတိမထားလို့ မိမိမသိတဲ့ စိတ်တွေပဲ။
အတွန့်တက်သောစိတ်
- လူပေါင်းများစွာနဲ့ အကြိမ်ပေါင်းများစွာ အထပ်အခါခါ ဆွေးနွေးပြီးလို့ အားလုံးရဲ့သဘောတူညီချက်နဲ့ အဖြေက ထွက်နေတာကို ဒီလိုလေး ထပ်လုပ်လိုက်ရင် မကောင်းဘူးလားလို့ ၀င်ပြောတတ်တဲ့ အကျင့်စိတ်။
အတွယ်အတာများသောစိတ်
- ဒီနာမည်တပ်ထားတဲ့ စိတ်အမျိုးအစားက တစ်စုံတစ်ရာကို သံယောဇဉ်မပြတ်သေးတဲ့ အဓိပ္ပာယ်သက်ရောက်နေတယ်။ မိမိစိတ်ထဲမှာ ဘာကိုမှ စွဲလမ်းနေတာမျိုး မရှိအောင် ဖယ်ထုတ်နေရတဲ့ ကျင့်စဉ်နဲ့ မကိုက်ညီတဲ့ စိတ်အမျိုးအစား။
အထာမကျသေးသောစိတ်
- မိမိမကျွမ်းကျင်သေးတဲ့ နေရာအသစ်၊ လုပ်ငန်းအသစ်၊ စည်းကမ်းအသစ်၊ ကျင့်စဉ်အသစ်တွေနဲ့ စတင် တွေ့ကြုံတဲ့အခါမျိုးမှာ အံဝင်ဂွင်ကျ မဖြစ်သေးတဲ့ စိတ်အနေအထား။
အထာပေါက်သွားသောစိတ်
- ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ချင်တဲ့ ပညာရပ်ကို ရှာဖွေလေ့လာပြီး သင်ရိုးညွှန်းတမ်းရဲ့ ဘောင်အတွင်းထဲမှာ နည်းမျိုးစုံနဲ့ အကြိမ်ပေါင်းများစွာ အကြိမ်အခါခါ၊ ထက်ထက်သန်သန်၊ တက်တက်ကြွကြွနဲ့ အားထုတ်နေမယ်ဆိုရင် ဘာအလုပ်ပဲ လုပ်လုပ် အောင်မြင်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရောက်ချင်တဲ့နေရာကို ဘယ်လိုသွားရင် ရောက်နိုင်တယ် ဆိုတဲ့နည်းကိုသိပြီး ကိုယ်တိုင်လက်တွေ့ သွားကြည့်နေတဲ့ စိတ်ကြောင့်ပဲ။
အထားအသိုမှန်သောစိတ်
- ခန္ဓာငါးပါးရဲ့ အဆက်မပြတ် ပြောင်းရွှေ့နေတဲ့ လုပ်ငန်းစဉ်ကို သဘောပေါက်နေတာက သပ်သပ်။ အာရုံခြောက်ပါးကြောင့် စိတ်ချင်းစိတ်ချင်း လာထိရင် ခံစားမှုဖြစ်တတ်တာကို သဘောပေါက်နေတာက သပ်သပ်။ စိတ်ထဲဝင်လာသမျှ စိတ်တွေဟာ ခဏလေးအတွင်းမှာ ၀င်လိုက်ထွက်လိုက်နဲ့ စိတ်ချင်း မရှိတော့တဲ့သဘောနဲ့အတူ စောင့်ကြည့်သိမှတ်နေတဲ့ အသိဟာလည်း ရှေ့ဆင့်နောက်ဆင့် မရှိတော့တာကို သိနေတာက သပ်သပ်။ အဲဒီလို စိတ်အသိတွေကို သူ့အသိနဲ့သူ၊ သူ့အကန့်နဲ့သူ သိကြည့်နေလို့ ရောနှောရှုပ်ထွေးမှုမရှိတဲ့ စိတ်ပုံစံ။
အထိနာသွားသောစိတ်
- သူ့သဘောနဲ့သူ ဖြစ်ချင်ရာ ဖြစ်နေတတ်တာ သေချာနေတဲ့ သဘာဝသဘောတရားတွေနဲ့ ပတ်သက်ပြီး ဘာကိုမှ ကြိုတင်ပြင်ဆင်ထားတာ မရှိဘူးဆိုရင် ရုတ်တရက် ရောက်လာတတ်တဲ့ အခြေအနေဆိုးကို ရင်ဆိုင်ရတဲ့အခါမှာ ပက်လက်လန်ပြုတ်ကျ၊ နာလန်မထူအောင် ဖြစ်သွားတဲ့ စိတ်အနေအထား။
အထိအတွေ့များသောစိတ်
- အထိအတွေ့များသော စိတ်ဆိုတာ ဖဿစေတသိက်ပါပဲ။