အတိုင်အတောထူသောစိတ်
- မိမိထက် သူတစ်ပါးကို ဂရုစိုက်တာပိုသွားမှာ၊ စေတနာပိုသွားမှာ၊ အာရုံထားတာပိုသွားမှာ၊ အခွင့်အရေးပိုပေးသွားမှာကို စိုးရိမ်လွန်ပြီး မနာလိုဝန်တိုစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ထပ်ဆင့်ပွားစိတ်။
အတိုင်းမသိဝမ်းသာသောစိတ်
- မိမိစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ၀မ်းသာပီတိဖြစ်မှု အတိုင်းအတာကို ဖော်ပြဖို့အတွက် ဥပမာပေးပြီး မပြောတတ်အောင် အတိုင်းမသိ ၀မ်းသာနေတဲ့စိတ်။
အတိုင်းအတာတစ်ခုအထိ ရည်ရွယ်ထားသောစိတ်
- လူတစ်ယောက်အဖြစ် အသက်ရှင်ခွင့်ရနေတဲ့ အချိန်အတွင်းမှာ လူတစ်ယောက်အနေနဲ့ ဘယ်နေရာ အဆင့်ထိတော့ ရောက်အောင် ချီတက်မယ်လို့ ဆုံးဖြတ်ချက်ချကြတယ်။ ဆုံးဖြတ်ထားတဲ့အတိုင်း ဖြစ်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာကြတယ်။ ဖြစ်အောင်လုပ်နိုင်တဲ့နည်းတွေနဲ့ ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်အောင် လက်တွေ့ အကောင်အထည်ဖော်နေတဲ့ စိတ်အနေအထား။
အတည်တကျဖြစ်သွားသောစိတ်
- တချို့က အသက်အရွယ်ရလာလို့၊ အဆင်မပြေတာတွေများလာလို့၊ ခံလိုက်ရတာတွေများလာလို့၊ ဘ၀ကသင်ပေးတဲ့ သင်ခန်းစာတွေ များလာလို့၊ လူတွေအကြောင်းနဲ့ မိမိအကြောင်းကို သဘောပေါက်ပြီး အတည်တကျ ငြိမ်လိုက်တာမျိုး ရှိတယ်။ တချို့ကျတော့ အတည်တကျ ဖြစ်ချင်လို့ အတည်တကျ ဖြစ်နိုင်တဲ့နည်းတွေရှာပြီး စနစ်တကျ အစီအစဉ်ကျင့်စဉ်တွေနဲ့ အတည်တကျ ဖြစ်သွားတဲ့စိတ်။
အတည်ပေါက်စိတ်
- လတ်တလော လူအများစု စိတ်ဝင်စားနေကြတဲ့ အကြောင်းအရာတစ်ခုခုကို ကိုယ်တိုင်မသိပေမယ့် မိမိကိုယ်တိုင်ပဲ ကြုံခဲ့သလို၊ မြင်ခဲ့သလိုပုံစံမျိုးနဲ့ ခပ်တည်တည်ပြောပြီး တစ်ဖက်သားရဲ့ ယုံကြည်မှုကို ခေတ္တခဏ သိမ်းပိုက်နိုင်တဲ့ စိတ်အရည်အချင်း။ လူရွှင်တော် အလုပ်ကို လုပ်စားကြတဲ့အထဲမှာလည်း အတင်းအဓမ္မ မရယ်ရယ်အောင် ကလိထိုးပြီး ရယ်စရာလုပ်တာမျိုး မဟုတ်ဘဲ ခပ်တည်တည်နဲ့ ပြုမူပြောဆိုနေတာကိုပဲ ကြည့်ပြီး ရယ်စရာဖြစ်အောင် လုပ်တတ်တဲ့ စိတ်အရည်အချင်း။
အတည်ပြုထားသောစိတ်
- လူလူချင်း မညှဉ်းဆဲရ၊ လိမ်လည်လှည့်ဖြား၊ သွေးဆောင်ဖြားယောင်း၊ အနိုင်မကျင့်ရဆိုတာ လူသားတွေကြားထဲမှာ အတည်ပြုထားတဲ့ လူ့စည်းကမ်း။ မိမိတို့ ကိုယ်တိုင်က လူဖြစ်နေတဲ့အတွက် အတည်ပြုထားတဲ့ လူ့စည်းကမ်းတွေကို ဖောက်ပြန်ခွင့်မရှိ၊ ကျူးလွန်ခွင့်မရှိဆိုတာ သိပြီး လိုက်နာရမယ့် အတည်ပြုထားတဲ့ စိတ်စည်းကမ်း။
အတိတ်ကောက်တတ်သောစိတ်
- လောင်းကစားဝါသနာပါသူတွေ အားကိုးယုံကြည်တဲ့ စိတ်အမျိုးအစား။
အတိမ်းအစောင်းမခံသောစိတ်
- အယူသည်းလွန်းတဲ့ သူတွေဆီမှာ ရှိတတ်တဲ့ စိတ်မျိုးဖြစ်သလို၊ ဒါဆို ဒါပဲ ငါပြောတဲ့အတိုင်းသာ အတိအကျလုပ်၊ လုံးဝမလွဲစေနဲ့လို့ ပြောတတ်တဲ့ သူတွေဆီမှာလည်း ရှိနေတတ်တဲ့ စိတ်မျိုး။ စိတ်ကိုစောင့်ကြည့်သိမှတ်တဲ့ စိတ်အလုပ် လုပ်နေကြတဲ့သူတွေအနေနဲ့လည်း လက်ရှိသိမှတ်နေဆဲ၊ လုပ်နေဆဲ၊ ဖြစ်နေဆဲ၊ လက်ရှိအချိန်မှာပဲ စိတ်ကို ထားထားရတာဆိုတော့ အတိမ်းအစောင်းဖြစ်တာနဲ့ ကြားဖြတ်စိတ်ဝင်လာပြီး ကျင့်စဉ်ပျက်ရော!
အတုံ့အပြန်မရှိသောစိတ်
- တစ်စုံတစ်ယောက်ဆီက တစ်စုံတစ်ရာကို ယူထားတာမျိုးရှိရင် ပြန်ပေးရတာ လူ့ကျင့်ဝတ်ပဲ။ ဒီလိုမဟုတ်ဘဲ ယူတုန်းကယူပြီး ပြန်ပေးဖို့ ပျက်ကွက်ခဲ့ရင် အတုံ့အပြန်မရှိတဲ့ စိတ်ပဲ။ ဒီစိတ်ကို လူ့အဖွဲ့အစည်းက လက်မခံကြဘူး။ စိတ်ကျင့်စဉ်မှာတော့ အာရုံခြောက်ပါးကြောင့် ၀င်လာတဲ့စိတ်ရဲ့ စိတ်ချင်းစိတ်ချင်း ထိတွေ့တဲ့အခါမှာ တုံ့ပြန်မှု မရှိအောင် လေ့ကျင့်နိုင်ရင် စိတ်ကျင့်စဉ်အရ လက်ခံတယ်။
အတုံးလိုက်အတစ်လိုက်စိတ်
- မိမိဆိုလိုရင်း အဓိပ္ပာယ်ကို နားလည်စေချင်တဲ့နေရာမှာ ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်တာနဲ့ နားလည် သဘောပေါက်တဲ့သူ ရှိသလို၊ တချို့လူမျိုးကျတော့ တစ်တစ်ခွခွ၊ ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသားပြောမှ ထိထိမိမိဖြစ်ပြီး နားလည်သွားတာမျိုး ရှိတယ်။ (ဒုတိယလူတန်းစားတွေကို စကားပြောခါနီး ပြင်ဆင်ပေးရတဲ့ စိတ်အနေအထား။)
အတွေ့အကြုံများသောစိတ်
- အသက်အရွယ် ကြီးလာတာနဲ့အမျှ အာရုံခြောက်ပါးကတစ်ဆင့် တွေ့ကြုံခဲ့ရတဲ့ တစ်ဘ၀စာ အတွေ့အကြုံပေါင်းများစွာ၊ ပတ်ဝန်းကျင်ပေါင်းစုံက ပုံစံအမျိုးမျိုးနဲ့ ရတဲ့သင်ခန်းစာ၊ ဖတ်မိတဲ့စာအုပ်ပေါင်းစုံက ရတဲ့စာပေဗဟုသုတ၊ တွေ့သမျှလူပေါင်းစုံက ပြောတာတွေ နားထောင်ခဲ့ရတဲ့အသံ၊ စတဲ့အတွေ့အကြုံတွေထဲက ယူလို့ရသမျှပေါ်မှာ မူတည်ပြီး ရရှိလာတဲ့ စိတ်အရည်အချင်း။