အတုခိုးတတ်သောစိတ်
- လူဆိုးတွေရဲ့ ရက်စက်ကြမ်းတမ်းမှုကို အတုခိုးမိလို့ ဒုက္ခရောက်သွားတယ်။ သူတော်ကောင်းတွေရဲ့ အမူအကျင့်ကို အတုခိုးမိလို့ သူကောင်းမြှောက်ခံရတယ်။ ကျေးညီနောင်နှစ်ကောင်ရဲ့ အကြောင်းဟာ မြန်မာလူမျိုးတွေရဲ့ အသိထဲမှာ ကိန်းအောင်း နေဆဲပါ။ ကျေးညီနောင်ကို လေ့လာသုံးသပ်ပြီး မိမိရော! ဘယ်လိုအယူအဆ၊ အတွေးအခေါ်ကို အတုယူမှာလဲ?
အတေအပေခံသောစိတ်
- အာရုံခြောက်ပါးရဲ့ အရသာကို တိတိကျကျ မခံစားဖူးတဲ့သူတွေ၊ ဘ၀အဆင်မပြေမှုတွေကြောင့် မျှော်လင့်ချက် ကြီးကြီးမားမား မရှိတဲ့သူတွေဟာ လောကဓံရှစ်ပါးရဲ့ ရိုက်ချက်ကို သူများတွေထက် ပိုပြီး ခံနိုင်ရည်ရှိတဲ့စိတ်။
အတောမသတ်နိုင်သောစိတ်
- အာရုံခြောက်ပါးထဲက ကြိုက်မိတဲ့ တစ်ခုခုအပေါ်မှာ ခံစားရတာကြိုက်လွန်းလို့ ဘယ်လောက်ပဲခံစားရ၊ ခံစားရ အားမရတော့ဘူး။ ခံစားမှု အဆက်မပြတ်ရေးဟာ အဓိကကျလာပြီး လိုချင်တာကို ရအောင်ယူလို့ ရတဲ့နည်းတွေ မှန်သမျှ ပုံစံမျိုးစုံနဲ့ရှာပြီး ခံစားတော့တယ်။ လိုချင်တာ ရအောင်ယူရင်း၊ ခံစားရင်း၊ စိတ်အလိုဆန္ဒကို ထိန်းချုပ်လို့ မရတဲ့အထိ ဖြစ်လာတယ်။ ထိန်းလည်း မထိန်းချုပ်ချင်တော့ဘူး။ ခံစားချင်တာကိုပဲ အဆက်မပြတ် ခံစားချင်တဲ့စိတ်သာ ရှိတော့တယ်။ ခံစားမှုရဲ့အဆုံးစွန်အထိ စိတ်ကို လွှတ်ပေးလိုက်တာ။ အစွန်းရောက်နေတဲ့စိတ်ကို ထပ်ပြီး စွဲလမ်းသွားပြန်တော့ ရပ်လို့ကို မရတော့ဘူး။
အတို့အထောင်လုပ်တတ်သောစိတ်
- သူတစ်ပါးဒုက္ခရောက်အောင် ကုန်းတိုက်တတ်တဲ့ စိတ်အမျိုးအစား။
အတက်အကျဖြစ်နေသောစိတ်
- စိတ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိသူတွေ ဖြစ်နေကျစိတ်ပဲ။ စိတ်ရဲ့သဘာဝအရ မြင်သမျှ၊ ကြားသမျှ၊ အာရုံတွေကတော့ မိမိစိတ်ထဲကို အဆက်မပြတ် ၀င်လိုက်ထွက်လိုက် ဖြစ်နေမှာပဲ။ ၀င်လာတဲ့ စိတ်အမျိုးအစားပေါ်မူတည်ပြီး ၀မ်းသာလိုက်၊ ဒေါသထွက်လိုက်၊ ဘ၀င်မြင့်လိုက်၊ စိတ်ဓာတ်ကျလိုက်နဲ့ အပြောင်းအလဲ အတက်အကျတွေ ဖြစ်နေတဲ့စိတ်။
အတိုက်အခံစိတ်
- လူ့အသိုင်းအ၀ိုင်းထဲမှာ စိတ်ချင်းမတူတဲ့ လူလူချင်း ဖြစ်နေကျ စိတ်အမျိုးအစားပဲ။ တခြားသူနဲ့ အတိုက်အခံ မဖြစ်ရင်လည်း မိမိစိတ်နဲ့မိမိ တစ်ယောက်တည်း အတိုက်အခံဖြစ်မှာပဲ။ ဒါပေမယ့် စိတ်စွမ်းအား ထက်သန်ဖို့အတွက်ဆိုရင်တော့ အတိုက်အခံစိတ်ကို အသုံးချသင့်တယ်။ မိမိစိတ်ရဲ့ အလိုဆန္ဒကို ချက်ချင်း အလိုမလိုက်ဘဲ မိမိရဲ့ဆင်ခြင်တုံအသိနဲ့ အတိုက်အခံလုပ်သင့်တယ်။ အဖြေမှန် အစစ်ထွက်အောင် အတိုက်အခံလုပ်ပြီး ရှာဖွေသင့်တယ်။ အတိုက်အခိုက်များတဲ့စိတ်ဟာ အတွေ့အကြုံရတတ်တယ်။ အန္တရာယ်ကို ကြိုသိပြီး ရှောင်တိမ်းတတ်တယ်။ စိတ်စွမ်းအားကြီးမား၊ အားကောင်းဖို့အတွက် အတိုက်အခံစိတ်တစ်ခု ရှိထားသင့်တယ်။
အတင့်ရဲသောစိတ်
- စိတ်အလိုဆန္ဒတစ်ခုရဲ့ လှုံ့ဆော်တိုက်တွန်းမှု အားကောင်းနေတဲ့အချိန်မှာ စဉ်းစားချင့်ချိန်တာကို အဓိက ဦးစားမပေးတော့ဘဲ တက်ကြွနေတဲ့ စိတ်အရှိန်ကြောင့် လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲနေတဲ့ စိတ်အနေအထား။
အတင်းအဖျင်းပြောချင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အတင်းအဓမ္မစိတ်
- တစ်ဖက်သားရဲ့ သဘောတူညီချက် မယူဘဲ မိမိဖြစ်စေချင်တဲ့အတိုင်း တစ်ဖက်သတ် အနိုင်ကျင့်တဲ့ စိတ်အမျိုးအစား။
အတိုင်အဖောက်ညီသောစိတ်
- နှစ်မျိုးရှိမှာပေါ့။
(၁) မိမိနဲ့တစ်ခါမှ မတွေ့ဖူးတဲ့၊ မကြုံဖူးတဲ့ တစ်စုံတစ်ယောက်ကို အကြောင်းတစ်ခုခုကြောင့် ကြုံတွေ့ပြီး ပြောဆိုဆက်ဆံတဲ့နေရာမှာ မိမိနဲ့ ၀ါသနာချင်း၊ အကြိုက်ချင်း၊ သဘောထား အယူအဆချင်း၊ လေ့လာတာချင်း၊ ခံယူချက်ချင်း၊ ဆင်ခြင်သုံးသပ်တာချင်း၊ ဆုံးဖြတ်တာချင်းတွေ တူညီနေတာကို သတိထားမိတဲ့အခါမှာ ဖြစ်ပေါ်တဲ့စိတ်။
(၂) မိမိစည်းရုံးလို့ရတဲ့သူ၊ မိမိသြဇာညောင်းတဲ့သူကို မိမိဖြစ်စေချင်တာတွေ၊ ပြောဆိုစေချင်တာတွေကို စနစ်တကျသင်ပေးပြီး အရေးတကြီး သက်သေထွက်ဆိုရမယ့်နေရာမှာ အသုံးချဖို့ ကြိုတင်စီစဉ် ပြင်ဆင်တဲ့စိတ်။