မေး - ကိုယ့်ဟာကိုယ် ကျေနပ်တယ်ဆိုတာ ဘ၀င်မြင့်တာလား?
ဖြေ - မဟုတ်ဘူး။ လွတ်လပ်မှုကို ကြိုက်တာ။

ဘ၀င်မြင့်တဲ့စိတ်ကို မကြိုက်ဘူး။

စိတ်တွေထဲမှာ ဘ၀င်မြင့်တဲ့စိတ်ကို မကြိုက်တဲ့စိတ်က အစွဲဖြစ်ပြီး မုန်းတာ။

ဘ၀င်မြင့်တဲ့လူနဲ့ ခင်ရမှာ သိရမှာကို မလိုလားဘူး။ အဲဒီစိတ်ကို စွဲတာ။

မေး - ဘာဖြစ်လို့ အဲဒီလောက်ထိ အစွဲတွေများသွားတာလဲ?

ဘာဖြစ်လို့ အရာရာကို အစွဲတွေဖြစ်ဖြစ်သွားတာလဲ?

ဖြေ - သိစရာတွေကို သိချင်လို့ ရှာရင်း၊ ရှာဖွေတာကို အစွဲဖြစ်ပြီး သိပြီးရင်း သိချင်တာကို စွဲတာ။

ဒီဘ၀လူဖြစ်ခွင့်ရနေတုန်း တန်အောင်နေမယ်ဆိုတဲ့ အသိကို အစွဲဖြစ်ပြီး၊

စိတ်တိုင်းကျ စွဲလမ်းတာမျိုး။ အမြဲတမ်း ငြိတွယ်ပြီး ခံစားချင်နေတာမျိုး။

ခံစားချင်သလို ခံစားခွင့်ရှိတာကို သိသွားပြီး အလွတ်လပ်ဆုံး ခံစားတဲ့စိတ်ကို စွဲသွားရင်း အစွဲတွေ များသွားတာထင်တယ်။

အတားအဆီးမရှိ အလွတ်လပ်ဆုံး တွေးနေတာကိုတော့ အစွဲထဲမှာ အကြိုက်ဆုံးအစွဲပဲ။

မေး - မြင်သမျှ၊ ကြားသမျှတွေ အားလုံးကို အတွေးအဖြစ် ချက်ချင်းဆွဲယူပြီး အကျင့်ဖြစ်သွားတဲ့ အစွဲတွေဟာ မိမိအတွက် ဒုက္ခတွေဖြစ်နေတာကို ဘယ်အချိန်မှာ အတိအကျ သိသွားတာလဲ?
ဖြေ - ရဟန်းဘ၀ရောက်မှ အတိအကျ အကျယ်တ၀င့် သိသွားတာ။

လူ့ဘ၀တုန်းက ဒုက္ခအဖြစ် သိခဲ့တာ မဟုတ်ဘူး။ အရာရာဟာ ခဏလေးပါလားလို့ပဲ သိတာ။

အသုံးလိုတဲ့ စိတ်ကိုသာရွေးပြီး အဆက်မပြတ် ဖြစ်အောင် စုစည်းဖော်ထုတ်ပြီး အသုံးမလိုတဲ့ စိတ်တွေကျတော့ ဆက်တိုက် ဖယ်ထုတ်ရင်း ခဏလေးရဲ့သဘောကို အလုပ်လုပ်ရင်း သိသွားတာ။

မေး - ဘယ်လိုအလုပ်လုပ်ရင်း သိတာမျိုးလဲ?
ဖြေ - ဘ၀ရပ်တည်ရေးအတွက် လှုပ်ရှားရုန်းကန် ရှာဖွေတဲ့အလုပ်က

ကိုယ်မဟုတ်တဲ့ တခြားလူတွေရဲ့ ဘ၀တွေ၊ စိတ်တွေကို အငှားယူပြီး၊

နောက်ထပ် လူတစ်ယောက်အဖြစ် ဖန်တီးတဲ့အလုပ်။

ခုရယ်၊ ခုငို၊ ခုဒေါသထွက်၊ ခုဝမ်းနည်း၊ တစ်နေ့တည်းထဲမှာ အဖြစ်အပျက်မျိုးစုံကို အစစ်လို့ထင်အောင် အတု လုပ်ပြရတာတွေ အားလုံးဟာ ခဏလေးတွေချည်းပဲ။

မေး - အတုလုပ်ခဲ့တဲ့ ဇာတ်ကောင်ရဲ့ စိတ်တစ်ခုခုကို စွဲလမ်းတာမျိုး ရှိခဲ့ဖူးလား?
ဖြေ - ရှိတယ်။ ဇာတ်လမ်းအရ ငြိမ်းအေးမှုဖြစ်နေတဲ့ စိတ်စရိုက်ကို အပြင်ဘ၀မှာပါ လိုချင်တဲ့စိတ်တွေ ဖြစ်တယ်။
မေး - ရုပ်ခန္ဓာရယ်၊ ခံစားတဲ့စိတ်၊

မှတ်သားတဲ့စိတ်၊

သိတဲ့စိတ်၊

လှုံ့ဆော်တိုက်တွန်းတဲ့စိတ်၊

ပြီးတော့ အာရုံခြောက်ပါးနဲ့ ပတ်သက်တဲ့ မြင်တာတွေ၊ ကြားတာတွေကို ငါနဲ့တွဲပြီး ကိုယ်ကိုယ်တိုင် ကျူးလွန်နေတာကို ရဟန်းဘ၀ရောက်မှ တကယ်သိတော့တယ်လို့ ဆိုလိုချင်တာလား?

ဖြေ - ဟုတ်တယ်။