မေး - ဒီအစွဲက ဘယ်အချိန်ထိ ရှင်သန်နေမှာလဲ?
ဖြေ - အမှန်ကို အမှန်အတိုင်း မသိသေးသမျှ အစွဲကဖြစ်နေမှာပဲ။

မရှိတာကို မရှိတဲ့အတိုင်း မသိသေးလို့ အစွဲတွေထဲမှာ ပျော်ပျော်ကြီး နေနေကြတာ။

မရှိတာကို ရှိတယ်လို့ ထင်နေကြတာဟာ သေခါနီးအချိန်မှာ စိတ်ပျက် ငြီးငွေ့စရာကောင်းလောက်အောင် ဆူဆူ ညံညံနဲ့ ခွဲခွာကြရတယ်။

ဒုက္ခထဲက လွတ်မြောက်ပြီး ငြိမ်းအေးချမ်းသာစွာနဲ့ ခွဲခွာခြင်းမျိုးတွေ အသုဘမြင်ကွင်းတွေမှာ မမြင်ရဘူး။

စိတ်လွတ်ကိုယ်လွတ် အရမ်းကာရော အော်ဟစ်ပြီး ငိုကြွေးနေကြတယ်။

ငိုတဲ့လူလည်း မသက်သာဘူး။ ဘေးပတ်ဝန်းကျင် အမြင် အကြားမှာလည်း မသက်သာဘူး။ တကယ်ဆို ဒီသဘာဝ သဘောတွေ သိလျက်သားနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တယ်။

မေး - ဘယ်လိုပြင်ဆင်ထားသင့်လဲ?
ဖြေ - လူ့လောကထဲကို လူအဖြစ်မွေးလာတယ်။ အသက်ရှင်မယ်။ အိုလာမယ်။ သေမယ်။

ဒါသီအိုရီပဲ။

တချို့ဆိုရင် အသက်ရှင်ခွင့်တောင် မရလိုက်ဘူး။

အသက်ရှင်ခွင့် ရလာရင်လည်း လမ်းတစ်ဝက်မှာ သေခြင်းသဘောနဲ့တွေ့ပြီး အိုခွင့်တောင် မရလိုက်ဘဲ လောကထဲက ပြန်ထွက်သွားတာတွေ ရှိတယ်။

ဒီသဘာဝတွေကို လူတိုင်းလိုလို သိတယ်လို့ ပြောနေကြတာပဲ။

တကယ်သိတာလား?

သိတယ်လို့ ထင်နေတာလား?

သိသလိုလို ဖြစ်တာလား? ဆိုတာ ကွဲကွဲပြားပြား ဖြစ်ဖို့လိုနေတယ်။

သေဖို့ပြင်ဆင်တဲ့နေရာမှာလည်း စာရေးဆရာကြီး နန္ဒာသိန်းဇံက သတိပေးဖူးတယ်။

‘မသေခင် ပြင်ဆင်ရဦးမယ်ဆိုတဲ့ စကားထဲမှာ အစွဲပါးပါးလေး ပါနေတယ်နော်’တဲ့။

မေး - မှန်တယ်လေ! တရားအားထုတ်တာ တရားသိဖို့ပဲ။ တရားကို စွဲလမ်းဖို့မှ မဟုတ်တာ။

တရားသိတဲ့အသိကိုတောင် စွဲလမ်းခွင့်မရှိဘူးလို့ ဆိုထားတယ် မဟုတ်ဘူးလား?

ဖြေ - အဲဒီအသိမျိုး လူတိုင်းသိရင် ကောင်းမယ်။ အစွဲကို ကြိုတင်သဘောပေါက်ထားရင် လူနဲ့ လူတွေကြားထဲမှာ လွန်စွာ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်နှလုံးပြင်းစွာ ပူပန်ခြင်းတွေ ဆိုးဆိုးရွားရွား မဖြစ်နိုင်တော့ဘူး။
မေး - အစွဲနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ သတိပေးစရာ ရှိနေလို့လဲ?
ဖြေ - အစွဲဆိုတာ ကြောက်စရာကောင်းလွန်းတယ်။
မေး - ဘယ်လို ကြောက်စရာကောင်းတာလဲ?
ဖြေ - စွဲခဲ့ဖူးလို့လေ။
မေး - ဘာတွေကို စွဲခဲ့တာလဲ?
ဖြေ - အားလုံးကို စွဲခဲ့တာ။