မေး - အချိန်နဲ့ ဒီရေဟာ လူကို မစောင့်တဲ့!
လက်ကျန် အသက်ရှင်ခွင့်ရတဲ့ အချိန်အတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်သင့်လဲ?
ဖြေ - အချိန်ကို ဇယားချပြီး အသုံးချပါ။
ယခုဆိုတဲ့အချိန်ကို တန်ဖိုးရှိရှိ ချက်ချင်း အကောင်အထည်ဖော်လိုက်နိုင်တာနဲ့ အနာဂတ်ရဲ့ အချိန်တွေအတွက် ပြင်ဆင်ပြီးသား ဖြစ်သွားပြီ။
ဒီနည်းက မိမိအတွက် အသုံးတည့်တယ်ဆိုရင် နေ့တစ်နေ့ရဲ့ (၂၄) နာရီကို စနစ်တကျ ပြင်ဆင်ထားနိုင်လို့ ရောက်လာမယ့် အနာဂတ် အချိန်တွေဟာ ရွှေဖြစ်ပြီ။
နောက်ဆုံးရောက်လာမယ့် သေခြင်းတရားကိုတောင် ဒီနည်းနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်သွားပါပြီ။
မေး - ဖြစ်ချင်သလို ဖြစ်တတ်တဲ့ လောကသဘာဝနဲ့ လူတွေကြားထဲမှာ သေချာမှုတစ်ခုအတွက် ဘာလုပ်သင့်လဲ?
ဖြေ - ကြိုတင်ပြင်ဆင်ခြင်းဟာ သေချာမှုကို ဖြစ်စေတဲ့ တစ်ခုတည်းသောနည်းပဲ။
ယခုဆိုတဲ့ လက်ရှိ ပစ္စုပ္ပန်အချိန်ကိုပဲ ရွေးပြီး လက်တွေ့ကျကျ၊ ထပ်ကာတလဲလဲ ထောင့်ပေါင်းစုံက အပြန်ပြန် အလှန်လှန် ဆင်ခြင် သုံးသပ်ပြီး ပြင်ဆင်ထားနိုင်မှသာ သေချာမှုကို ရနိုင်မှာ။
ပြင်ဆင်ရမယ့် အချိန်ကလည်း ယခုဆိုတဲ့ ခဏလေးမှာသာ ပြင်ဆင်ရမှာဆိုတော့ ပြင်ဆင်ချိန် အရမ်းနည်းတယ်။
ဆက်တိုက်ပြင်ဆင်နိုင်မှသာ မိမိဆီကို ရောက်မလာသေးတဲ့ အချိန်တွေကို၊

မိမိဖြစ်စေချင်သလို ဖြစ်အောင် အနီးစပ်ဆုံးလုပ်နိုင်မှာ။

မေး - ယနေ့ခေတ် ပိုက်ဆံရှာတဲ့နည်းတွေနဲ့ အချိန်နဲ့ ယှဉ်တွဲပြီး ဘာပြောဖို့ ရှိမလဲ?
ဖြေ - ယနေ့ခေတ်ထဲက လူသားအများစုဟာ နည်းမျိုးစုံသုံးပြီး ပိုက်ဆံနောက်ကို အသဲအမဲ၊ အလဲအကွဲ လိုက်နေမှသာ ခေတ်နဲ့အညီ လူတန်းစေ့ နေနိုင်မယ်လို့ လက်ခံထားကြတာဆိုတော့ မနက်အိပ်ယာက နိုးတာနဲ့ ပိုက်ဆံရမယ့်နေရာ ဘယ်မှာရှိလဲဆိုတဲ့ မုဆိုးမျက်လုံးနဲ့ လိုက်ရှာနေကြတယ်။ နေ့တစ်နေ့ရဲ့ (၂၄) နာရီမှာ အိပ်ချိန်ကလွဲရင် ကျန်တဲ့အချိန် အကုန်လုံး သိမ်းပိုက်ပြီး တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ပိုက်ဆံ ရှာနေကြတယ်။
တချို့များ အိပ်ချိန်မှာတောင် ပိုက်ဆံက အိပ်မက်ထဲမှာ အဓိက ဇာတ်ဆောင်အဖြစ် လှုပ်ရှားနေတယ်။

ဒီနေ့ကမ္ဘာမှာ လူဦးရေသန်းပေါင်း ခုနစ်ထောင်နား ကပ်လာပြီတဲ့။

တိုးလာတဲ့ ပါးစပ်ပေါက်တွေ အစာဖြည့်ဖို့ ပိုက်ဆံလည်း ရှာပါ။

အသိနဲ့ သတိဉာဏ်ကိုလည်း အချိန်နဲ့ တစ်ပြေးညီ ရှာကြပါ။