မေး - အချိန်နဲ့ပတ်သက်ပြီး ဖော်ပြထားတာတွေကို ဟုတ်ပါ့မလားလို့ သံသယရှိခဲ့ရင် ချက်ချင်း စမ်းသပ်လို့ ရအောင် ဘာလုပ်ရမလဲ?
ဖြေ - မြင်ဖူးနေကျ နာရီတစ်လုံးကို ကြည့်လိုက်ရုံပဲ။ နာရီဒိုင်ခွက်ထဲမှာ အချိန်ကို ဖော်ပြနေတဲ့ လက်တံသုံးခုဟာ ဆက်တိုက် လှုပ်ရှားနေတာ တွေ့ရမှာပဲ။

နာရီလက်တံကို စောင့်ကြည့်နေရင်း မိမိစိတ်ထဲက သတ်မှတ်တဲ့ နံပါတ်တွေကို ကျော်ပြီး အချိန်တစ်ခု ကုန်ဆုံးသွားတာကိုပါ သတိထားမိသွားလိမ့်မယ်။ အဲဒီနာရီကို စောင့်ကြည့်မိတဲ့အချိန် ကုန်ဆုံးသွားခြင်းဟာ ဘယ်တော့မှ ပြန်မရတော့ဘူး။

မေး - မနက်ခြောက်နာရီမှာ ဖော်ပြတဲ့ နာရီလက်တံရဲ့ပုံစံနဲ့၊ ညနေခြောက်နာရီမှာ ဖော်ပြတဲ့ နာရီလက်တံရဲ့ ပုံစံဟာ တူနေတယ်လို့ စောဒက တက်ရင်ရော?
ဖြေ - ကွာခြားသွားတဲ့ အချိန် (၁၂) နာရီမှာ အရာရာဟာ ပြောင်းရွှေ့မှုတွေ အများကြီး ဖြစ်သွားခဲ့ပါတယ်။ တစ်ခါတလေ ပြောင်းရွှေ့သွားတဲ့ အချိန်အတွင်းထဲမှာ ဖြစ်ပျက်သွားတာတွေက ကြောက်ခမန်းလိလိပါပဲ။

“စောစောကပဲ ငါ့ဆီကို သူဖုန်းဆက်ပြီး ညနေတွေ့မယ် ပြောတယ်။

ကြည့်ဦး ခုတော့ ကားမှောက်လို့ နေရာမှာတင် ပွဲချင်းပြီးတဲ့ အလောင်းကတော့ မြင်ရက်စရာတောင် မရှိဘူး” ဆိုတာတွေ ကြံဖူးကြမှာပါ။

ဒါတွေဟာ အချိန်ရဲ့ အဆက်မပြတ် ပြောင်းရွှေ့မှုတွေထဲမှာ ညပ်ပါသွားတဲ့ သက်သေတွေပါပဲ။ ဘယ်သူတွေ ဘာဖြစ်ဖြစ် အချိန်က သူနဲ့ မဆိုင်သလိုပဲ နေပြမှာ။

နာရီထဲက အချိန်ပြလက်တံကလည်း ဘက်ထရီ မကုန်မချင်း ဆက်လက်ရွေ့လျားနေမှာပဲ။ မိမိမရှိလို့ သေသွားပြီဆိုရင်လည်း အချိန်ဆိုတာကတော့ ရှိနေဦးမှာပဲ။

မေး - နောက်ထပ် ဥပမာ ရှိဦးမလား?
ဖြေ - တစ်ကနေ တစ်ဆယ်ထိ ရေတွက်လိုက်ပါ။ နာရီတစ်လုံးလည်း ဘေးနားမှာထားပါ။

သတိထားပြီး ရေတွက်ပါ။ မြန်မြန်ပဲ ရေတွက် ရေတွက်၊

နှေးနှေးပဲ ရေတွက် ရေတွက်၊ သတိတော့ ထားပေးပါ။

တစ်လို့ အသံထွက်သွားတာနဲ့ စတင်ရေတွက်ဖို့ စဉ်းစားဆုံးဖြတ်ခဲ့တဲ့ စိတ်မရှိတော့ဘူး။ အသံလည်း မရှိတော့ဘူးဆိုတာ သိအောင် သတိထားခိုင်းတာပဲ။

နှစ်လို့ ထပ်အော်ရင် တစ်ရော နှစ်ပါ မရှိတော့ပြန်ဘူး။

သုံးကို မရွတ်သေးဘူးကွာ ရပ်ထားမယ်ဆိုပြန်ရင်လည်း မရွတ်ဘဲနေတာပဲ ရှိမယ်။ နာရီလက်တံကတော့ ရွေ့လျားနေမှာပဲ။

တစ်ဆယ်အထိ ရောက်သွားပြီဆိုရင်တော့ ရွတ်ဆိုခဲ့သမျှ တစ်၊ နှစ်၊ သုံး၊ လေးတွေ တစ်ခုမှ မရှိတော့ပါဘူး။ ဘယ်တော့မှလည်း ပြန်မရတော့ပါဘူး။ အားလုံးဟာ ပျောက်ကွယ် ကုန်ဆုံးသွားပါပြီ။

တစ်ကနေ တစ်ဆယ်အထိ ရေတွက်လိုက်တဲ့အချိန်ဟာ ဘယ်လောက်မှ မကြာဘူးဆိုပေမယ့် တစ်နဲ့နှစ် ကြားက ကွာဟနေတဲ့ အချိန်လေးတစ်ခု ရှိနေတာ သတိထားမိလာပါလိမ့်မယ်။

နာရီလက်တံဟာလည်း တစ်နေရာနဲ့တစ်နေရာ ရွေ့ဖို့ကြားမှာ ဟနေတာလေးကို တွေ့ပါလိမ့်မယ်။

တစ်နဲ့နှစ်နဲ့ အော်တဲ့အချိန်မှာ ဟနေပေမယ့် နာရီလက်တံ တစ်ခုနဲ့တစ်ခု အရွှေ့မှာဟနေပေမယ့် အချိန်ကတော့ ဟချက်ကို မရှိဘဲ ဆက်တိုက် ရွေ့လျားနေတာကို သိစေချင်တာပါ။

စိတ်ကိုစောင့်ကြည့်တဲ့ လေ့ကျင့်ခန်း လုပ်တဲ့နေရာမှာလည်း စိတ်တစ်ခုနဲ့ တစ်ခု ဟသွားတဲ့နေရာကိုပဲ အဓိကထားပြီး သတိနဲ့ ကြည့်နေရတာပဲ။

ဟသွားတဲ့နေရာမှာ သတိလွတ်သွားရင် ကြားဖြတ်စိတ် တစ်ခုဝင်ခွင့်ရပြီး ဒုက္ခ ပေးတတ်လို့ပါပဲ။

တစ်ကနေ တစ်ဆယ်အထိ ရွတ်ဆိုတဲ့အချိန်က ဘယ်လောက်မှ မကြာပါဘူး။

အဲဒီ ခဏလေးတွေအတွင်းမှာ ခဏလေးပေါင်းများစွာ ပြောင်းရွှေ့နေရင်း

မိမိဘ၀သည်လည်း အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုတာ

သတိထားမိစေချင်တာပါ။

သိစေချင်တာပါ။

ဆက်တိုက်ဖြစ်နေတဲ့ အကြောင်းအရာတွေဟာ အချိန်နဲ့တစ်ပြေးညီ ဖြစ်နေလို့ မိမိအသိဟာ ပြန်မရနိုင်တော့တဲ့ ဖြစ်ပြီးသားကိစ္စတွေနဲ့ ရောပြီး မကျန်ခဲ့စေချင်ဘူး။ ဖြစ်ပြီးတာတွေ မေ့လိုက်ပါ။