မေး - မရှိတော့ဘူးဆိုတဲ့ အချိန်တွေကလည်း မရှိတော့ဘူး အနေအထားတွေနဲ့ပဲ ဆက်တိုက် မရှိတော့ဘူး ဖြစ်နေတယ်။ မရှိတော့ဘူးဆိုတာတွေ တစ်ခုပြီးတစ်ခု အဆုံးသတ်နေတယ်။

အဲဒီမရှိတော့ဘူးတွေ ဘယ်တော့ပြီးမှာလဲ?

ဖြေ - ဘယ်တော့မှ မပြီးသေးဘူး။ ဒါဟာ အချိန်ရဲ့ သဘာဝဖြစ်စဉ်ပဲ။
မေး - အဲဒီအချိန်ရဲ့သဘာဝဖြစ်စဉ်ဟာ ဘယ်တုန်းက စခဲ့တာလဲ?
ဖြေ - မသိဘူး။ ဘယ်သူမှလည်း သိမှာမဟုတ်ဘူး ထင်တယ်။
ဒါပေမယ့် လူတွေက တော်တယ်၊ ဉာဏ်ရှိတယ်။

သူ့ဟာသူ ရှိနေတဲ့ အချိန်ဆိုတာကြီးကို ကိုယ့်အယူအဆနဲ့ကိုယ် သတ်မှတ်လိုက်ကြတယ်။

တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊
Sunday, Monday, Tuesday, Wednesday, Thursday, Friday, Saturday တဲ့။
တရုတ်လိုရှိမယ်၊ ကုလားလိုရှိမယ်၊ ဂျပန်လိုရှိမယ်၊ အခေါ်အဝေါ် အမျိုးမျိုး ရှိကြမယ်။
ဒါပေမယ့် တစ်ပတ်မှာ အဲဒီခုနစ်ရက် ရှိတယ်လို့ သတ်မှတ်ထားခြင်းကိုတော့ လူသားတိုင်းက လက်ခံထားကြတယ်။
ဇန်န၀ါရီကနေ ဒီဇင်ဘာအထိ (၁၂) လ။
(၁၂) လပြည့်ရင် တစ်နှစ် စသဖြင့် လက်ခံထားကြတယ်။
ဒီဇင်ဘာ (၃၁) ရက်နေ့ ညရောက်ရင်လည်း နောက်နှစ် ဇန်န၀ါရီ (၁) ရက်ကို မျှော်လင့်ကြပြီး Happy New Year အော်ဖို့ ပိုက်ဆံတွေ အကုန်ခံပြီး နိုင်ငံအသီးသီး၊ နေရာအသီးသီးမှာ ကျင်းပကြတယ်။
မေး - (Year 2000) နှစ် (၂၀၀၀) ပြည့်တုန်းကလည်း တစ်ကမ္ဘာလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်ကြတယ်။

“ဘာများထူးခြားမလဲ မသိဘူးဆိုတဲ့ စိတ်ဝင်ပြီး ခေါင်မိုးပေါ်မှာ ကြောင်တောင်တောင်နဲ့ စောင့်ကြည့်ဖူးတယ်။” လို့ ပြောထားတာကို ဂျာနယ်တစ်ခုမှာ ဖတ်ဖူးတယ်။ ဘာထူးခြားတာ တွေ့လဲ?

ဖြေ - ဒီလိုပဲ ဖြစ်နေကျ။ မနက်မှာ နေထွက်လာတယ်။

နာရီက လက်တံတွေကလည်း သူ့ပုံစံအတိုင်း တရွေ့ရွေ့ ကုန်ဆုံးပြတယ်။

ညနေရောက်တော့ နေ၀င်သွားတယ်။

ဘာမှကို မထူးခြားဘူး။

မေး - ဆိုလိုတာကတော့ လူတွေက အချိန်တွေကို ကိုယ့်သဘောနဲ့ကိုယ် သတ်မှတ်လိုက်ကြတယ်။

“မနက်ဖြန်လာခဲ့။ သန်ဘက်ခါကျရင် ငါ့ပိုက်ဆံပြန်ပေးမယ်လို့ မင်းကတိပေးထားတယ်နော်။”

စသဖြင့် လူအချင်းချင်း ဆက်ဆံတဲ့နေရာမှာ အဆင်ပြေအောင် အချိန်ကို သတ်မှတ်ပေးတဲ့ သဘောပဲ ရှိတယ်ပေါ့!

ဖြေ - ဟုတ်တယ်! အချိန်တွေကို သုံးခွင့်ရှိတယ်။ ဒါပေမယ့် အပိုင်သိမ်းထားခွင့် မရှိဘူး။ နာရီကိုရွှေ့ပြီး အချိန်ကို ပြုပြင်ပြောင်းလဲ၊ ခြယ်လှယ်ခွင့် မရှိဘူး။