အချိန်နဲ့ ပတ်သက်ပြီး အာရုံထဲမှာ ကိုယ့်ဟာကိုယ် မေးခွန်းတွေ မေးကြည့်နေတယ်။

မေး - စိတ်ဆိုတာက အိပ်မောကျနေတဲ့အချိန်၊ ဘ၀င်ကျနေတဲ့အချိန် လုပ်စရာအလုပ်မရှိလို့ သိတဲ့စိတ်က အနားရနိုင်တယ်။ သက်သက်သာသာ ရှိနိုင်တယ်။ ဟုတ်တယ်နော်!
ဖြေ - ဟုတ်တယ်။
အချိန်ဆိုတာကတော့ လုံးဝရပ်နားခြင်းမရှိ။ အဆက်မပြတ်၊

တရစပ်၊

ဆက်တိုက် ရွေ့လျားနေတဲ့ အချိန်ဖြစ်စဉ်ကြီး တစ်ခုပဲ။

အဆက်မပြတ် ဆက်တိုက်ရွေ့လျားနေတဲ့ အချိန်ဖြစ်စဉ်ကြီးဟာ ဘယ်သူ့ မျက်နှာကိုမှ ငဲ့ညှာထောက်ထားခြင်း မရှိဘူး။

စိတ်အနေအထားကို လေ့လာတုန်းကလို ငါဆိုတဲ့ နာမည်တပ်ပြီး စွဲလမ်း ငြိတွယ်လို့ ဖယ်ရှားရတာတွေ၊

အသိတွေ၊ သတိတွေ တည်ဆောက်ရတာတွေ၊

ကြားဖြတ်စိတ်တစ်ခု ၀င်လာပြီး ဒုက္ခပေးတာတွေ၊

ကုသိုလ်တွေ၊ အကုသိုလ်တွေ မရှိဘူး။ သူ့ကိုကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ ဘယ်လို သတ်မှတ် သတ်မှတ်၊ အချိန်ကတော့ လုံးဝဂရုမစိုက်ဘူး။ လုံးဝမရပ်ဘူး။

ဘယ်လောက်ပဲချမ်းသာ ချမ်းသာ၊ ဘယ်လိုနေရာမျိုးမှာပဲနေနေ၊ ဘယ်လိုနည်းစနစ်အသစ်တွေပဲ ထွင် ထွင်၊ ဘယ်သူဘာဖြစ်ဖြစ်၊ သူနဲ့ မဆိုင်သလို နေပြနေတယ်။

မကျေနပ်ရင်လည်း ကြိုက်သလိုလုပ်၊ ကြိုက်သလိုစမ်း၊ ကြိုက်သလိုလာ၊

အချိန်ကတော့ အားလုံးကို ၀ါးမျိုမှာပဲ။ ယိုယွင်းသွားအောင် ဖျက်ပစ်မှာပဲ။ အိုဟောင်းသွားအောင် တိုက်စားပစ်မှာပဲ။

အချိန်ရဲ့ တိုက်ခိုက်နေခြင်းကို ဘယ်သူကမှ ရင်ဆိုင်အန်တုနိုင်မှာ မဟုတ်ဘူး။

အချိန်ကို ဖော်ပြပေးတဲ့ နာရီဆိုတာကို စိန်ပဲစီစီ၊ ရွှေနဲ့ပဲကွပ်ကွပ်၊ ဘယ်လိုစနစ်သစ်တွေနဲ့ ပုံစံအမျိုးမျိုး တီထွင်ပြီး ထုတ်ထုတ်၊ တစ်နေ့မှာ (၂၄) နာရီပဲ ရှိတယ်လို့သာ ဖော်ပြခွင့်ရတယ်။

(၁၂) နေရာနားမှာ (၁၃) လို့ ထပ်တိုးထားရင် နာရီမဟုတ်တော့ဘူး။

ဘယ်သူမှလည်း လက်ခံမှာ မဟုတ်ဘူး။

ဆိုလိုတာက (၂၄) နာရီလို့ ဖော်ပြထားတဲ့ နာရီကိုသာ ရောင်းနေကြတာ။

နာရီထဲက အချိန်ကို ရောင်းတဲ့ဆိုင် ဒီကမ္ဘာကြီးထဲက ဘယ်နေရာမှာ ရှိပါသလဲ?

နေ့တစ်နေ့ရဲ့ (၂၄) နာရီတွေ ကုန်ဆုံးသွားတိုင်း ဘယ်လိုမှ ပြန်မရအောင် ပျောက်ကွယ်ကုန်ဆုံးသွားတဲ့ အတိတ်ကာလဆီကို ရောက်သွားသလို၊ လက်ရှိအချိန်၊ ယခုဆိုတဲ့ ပစ္စုပ္ပန်ကာလကလည်း

ယခုလို့ ပြောနေတဲ့အချိန်မှာပဲ ချက်ချင်း မရှိတော့ဘူး။